မကွေးမြို့မှာ မြို့ဝင်ထွက်ဂိတ်တွေကို စစ်ကောင်စီက ပိတ်ထားတာကြောင့် မကွေးမြို့ကို ဝင်ထွက်မယ့် ပြည်သူတွေဟာ ညနေ ၅ နာရီကျော် ဂိတ်ဖွင့်ပေးမှ မြို့ထဲကို ဝင်ရောက်ရတဲ့အတွက် စောင့်ဆိုင်းနေသူတွေ များပြားတဲ့အတွက် လူစုလူဝေးဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မြို့ဝင်မြို့ထွက် ဂိတ်တွေကို ပိတ်ထားကြတယ်လေ။ မြို့ထဲကို ဝင်မယ့်သူတွေက ဂိတ်အပြင်ကနေ ဂိတ်ဖွင့်ပေးတဲ့အချိန်ကို စောင့်နေရင်းနဲ့ တဖြည်းဖြည်း လူများလာတော့ ၁ မိုင်ကျော်လောက်အထိ ယာဉ်တန်းရှည်ကြီးနဲ့ လူတွေလည်း ရာချီပြီး လူစုလူဝေးတွေ ဖြစ်ကုန်တာပေါ့။ မြို့ထဲမှာတော့ လူရှင်းပြီး အပြင်ထွက်ရမယ့် သတ်မှတ်ချိန်ရောက်တော့ ဆိုင်တွေကို ပြုံတိုးကြရော”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် စစ်ကောင်စီက လုပ်ဆောင်နေပေမယ့် အနာနဲ့ ဆေး တလွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံပရဟိတလူငယ်တဦးက “လုပ်လိုက်တဲ့အစည်းဝေးတွေကလည်း ခဏခဏ၊ ထုတ်လိုက်တဲ့ ကြေညာချက်တွေကလည်း နာရီမခြားဘူး။ ဘာတခုမှလည်း မအောင်မြင်ဘူး။ မြို့ပေါ်မှာ ကူးစက်မှုတွေလည်း မကျသလို လူသေဆုံးမှုတွေကလည်း လျော့မသွားဘူး။ စီမံမှုတလွဲတွေက အနာနဲ့ဆေးက တလွဲတွေဆိုတော့ ပြည်သူတွေ ဒုက္ခရောက်ကြတာပေါ့။ စစ်ကောင်စီရဲ့ စီမံမှုကောင်း၊ မကောင်းက ကိုဗစ်ကိစ္စ တခုတည်းနဲ့တင် ဆုံးဖြတ်လို့ရတယ်” လို့ ဆိုပါတယ်။
မကွေးမြို့ကို စစ်ကောင်စီက ကိုဗစ်-၁၉ အကြောင်းပြပြီး Stay At Home မြို့အဖြစ် သတ်မှတ်ထားတဲ့မြို့လည်း ဖြစ်ပါတယ်။