မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ ဇူလိုင် ၂၆ ရက် ဒီကနေ့မနက် ၄ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးနေအိမ်အနီးနေထိုင်သူ တဦးက “မနက်အစောကြီး အသံကြားလို့ အိမ်ရှေ့ထွက်ကြည်လိုက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်က မီးခိုးတွေထွက်နေတာ။ ဘာတွေဖြစ်သွားလည်းတော့မသိဘူး။ စစ်ကားတွေရောက်လာပြီး လမ်းတွေပိတ်ပြီး လမ်းသွားလမ်းလာတွေစစ်နေတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြုလုပ်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ မြို့နယ် ၅ ခုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတာလို့ သိရပါတယ်။
ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က “စည်းလုံးပြီး အင်အားတောင့်တင်းတဲ့ တပ်မတော်ဖြစ်အောင် မကွေး၊ မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီး၊ ဆင်ပေါင်ဝဲ မြို့တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းထားပါတယ်” လို့ ပြောပါတယ်။