ကနီမြို့နယ် အိုင်ထောင်ကျေးရွာအနီး ချင်းတွင်းမြစ် ရွှေစာရေးမြစ်ကျဥ်းလို့ လူသိများတဲ့နေရာမှာ ဇူလှိုင် ၂၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲစတင်ဖြစ်ပွားနေတယ်လို့ ကနီမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။
*ကျနော်တို့တိုက်ပွဲစဖြစ်တာ ခန့်မှန်း ၁ နာရီခွဲ ၂ နာရီလောက်က စဖြစ်တယ်။ သူပစ်၊ ကိုယ်ပစ်ပေါ့ဗျာ။ လက်ရှိအချိန်အထိ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူးဗျ။ စစ်ခွေးတွေ မော်တော်ကတော့ လက်ရှိအချိန်အထိ မီးလောင်နေတယ်။ ကျနော်တို့ ပစ်လိုက်တာ မော်တော်စလင်ခန်းကိုမှန်ပြီး မော်တော်လည်ထွက်သွားကာ မီခိုးတွေထွက်လာတာ။ အခုအချိန်အထိ မီးခိုးထွက်နေတုန်းပဲ။”
လက်ရှိမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဖွဲ့က ကနီမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ တိုက်ပွဲဖြစ်ရာနေရာတွေမှာ အသုံးပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီမြို့နယ်အတွင်း ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ရွှေစာရေးမြစ်ကျဉ်း မင်းအိုကျေးရွာဆိပ်ကမ်းမှာ စစ်ကောင်စီတပ်က ရေယာဉ်အချို့ကို ရပ်တန့်ပြီး အပြစ်မဲ့ကျေးရွာသား အယောက် ၂၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ရွာသားတွေကို မင်းအိုကျေးရွာရဲ့ အနောက်ဘက်ကုန်းတွင်းပိုင်းကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို တောနင်းရှာဖွေနေတယ်လို့ မင်းအိုရွာသားတစ်ဦးက သိရပါတယ်။
“အချိန်ကတော့ အတိကျမသိတော့ဘူးဗျ။ ကျနော်တို့ အထက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဒီကောင်တွေ ပစ်တယ်လို့ သတင်းကြားရလို့ ကျနော်တို့ ရွာအနောက်ဘက် ဘုရားလေးကုန်းမှာ ပုန်းနေကြတာ။ ဒီကောင်တွေ ကျနော်တို့ ပုန်းနေတဲ့နေရာအထိ ရောက်လာပြီးတော့ ယောက်ျားလေး ၂၀ ကို ဖမ်းဆီးသွားတယ်။ ရိုက်နှက်တာတွေလည်း လုပ်တယ်ဗျာ။ ကျနော်တို့ကတော့ ယင်းကျေးရွာကလူတွေလို မလုပ်ပါစေနဲ့လို့ ဆုတောင်းနေရမှာပဲဗျာ။ အဖွဲ့ကတော့ နှစ်ဖွဲ့ ခွဲသွားတယ် ထင်တယ်။ အခု ဝါးတန်းရွာတောင်ဘက်မှာ တဖွဲ့နဲ့ မြောက်ဘက်မှာ တဖွဲ့ ဖြစ်နေတယ်။ ဘယ်သွားမယ်လို့တော့ မသိဘူးဗျ။ အနီးအနားက ကျေးရွာတွေလည်း ထွက်ပြေးနေကြပြီဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ဒေသခံ ပြည်သူ့ကာကွယ်ရေအဖွဲ့တွေ ရှိတယ်ဆိုပြီး ချင်းတွင်းမြစ်အတွင်း ရေယာဉ်တွေပေါ်ကနေ ကနီမြို့အောက်ဘက်က ကျေးရွာတိုင်းလိုလိုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တာကြောင့် အဆောက်အအုံအချို့ ပျက်စီးခဲ့သလို လူအချို့လည်း ဒဏ်ရာရတာတွေ အများအပြား ရှိတယ်လို့ ချင်းတွင်းမြစ်ဘေး ကျေးရွာသားတွေက ပြောပါတယ်။