Home
မြန်မာသတင်း
စစ်တပ်က ကန့်ဘလူ ဒေသခံ ၃ ဦးအား သတ်ပြီး ၄ ဦးကို ဓားစာခံဖမ်းဆီး၊ နေအိမ်များမီးရှို့
DVB
·
July 28, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား ၃ ဦးအား သတ်ဖြတ်ပြီး ပြည်သူ ၄ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၆ ရက် မနက်ပိုင်းလောက်ကစပြီး ကန့်ဘလူအခြေစိုက် ခမရ-၆၀၆ တပ်ကနေ အင်အား ၁၂၀ ပါစစ်ကြောင်းနဲ့ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးနေတာပါ။

ဇူလိုင် ၂၆ ရက် မနက် ၁၀ နာရီမှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့အတွက် ဗုံးသီးထိမှန်ကာ သရက်ခေါင်းရွာက အရပ်သား ၂ ဦးသေဆုံးပြီး ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် သပြေသာလေးရွာက လက်နက်ကြီးစထိမှန်လို့ ပြည်သူ ၁ ဦးလည်း သေဆုံးခဲ့ပါတယ်။

“စစ်ကြောင်းက ၂၆ ရက်နေ့မှာ ကန့်ဘလူ ၆၀၆ တပ်ရင်းက လာတာပါ။ စစ်ကောင်စီက အဲဒီမနက် ၁၀ နာရီမှာပဲ ဒရုန်းနဲ့ချလို့ ပြည်သူ ၂ ယောက် သေတယ်၊ ၁ ယောက် ဒဏ်ရာရတယ်။ ညပိုင်းမှာ သူတို့တွေ လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၃ ဦး ဒဏ်ရာရပြီး ၁ ယောက် သေပါတယ်။ ဖမ်းဆီးခံသူကလည်း များတယ်ဗျ၊ ဘယ်နှယောက်ဆိုတာ အတည်ပြုလို့မရသေးဘူး” ဒေသခံတဦးက ပြောပါတယ်။ 

သရက်ခေါင်းရွာက နေအိမ် ၇၂ လုံးနဲ့ ရှမ်းတပ်ရွာက နေအိမ် ၁၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၄ ဦးထက်မနည်းကိုလည်း စစ်ကြောင်းက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ မနက်မှာ စစ်ကြောင်းက ဘိုကုန်းရွာ တောရဘုန်းကြီးကျောင်းထဲမှာ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ကြောင်းကြောင့် ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းကျေးရွာ ၁၈ ရွာက ပြည်သူ သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013