ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်မှာ ဇူလိုင် ၂၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီ တပ်သားအချင်းချင်း သေနတ်နဲ့ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး တပ်စွဲထားတဲ့ အသံလွှင့်ရုံထဲမှာရှိတဲ့ စစ်သားအချင်းချင်း အရက်သေစာသောက်စားရာကနေ ည ၁၀ နာရီကျော်လောက်မှာ စကားများပြီး သေနတ်နဲ့ပစ်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
“ပစ်တာက ၂ ချက်ကြားရတာ၊ မပစ်ခင် အော်ဟစ်ပြီး ဆဲဆိုနေသံတွေ ကြားရတယ်။ သေလား ရှင်လားတော့ မပြောတတ်သေးဘူး၊ သွားလည်းမကြည့်ရဲဘူး” လို့ ဒေသခံတစ်ဦးက DVB ကို ပြောပါတယ်။
သေနတ်သံ ၂ ချက်ထွက်ပေါ်လာပြီးခဏအကြာမှာ အနီးနားက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကားတွေ ပစ်ခတ်မှုဖြစ်တဲ့နေရာကို ရောက်လာတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ ဇွန် ၁၄ ရက်နေ့ကလည်း ဝန်ကြီးများအိမ်ရာဝင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်ခဲ့လို့ ၁ ဦး သေဆုံးခဲ့ပါသေးတယ်။