ရန်ကုန်မြို့က ရေဝေးနဲ့ ထိန်ပင်သုသာန်တွေမှာ ဘယ်ကမှန်းမသိတဲ့ ရုပ်အလောင်းအများအပြားကို မြေကြီးသယ်ကားတွေနဲ့တင်ပြီး လူခြေတိတ်ချိန်မှာ မြေမြှုပ်တာာတွေ ရှိနေတယ်လို့ သုသာန်အနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ရုပ်အလောင်းတွေကို ပုံမှန်အတိုင်းမီးရှို့လို့ မနိုင်ပါက ရေဝေးကအလောင်းတွေကို ထိန်ပင်ပို့တာဖြစ်နိုင်သလို ထိန်ပင်က အလောင်းတွေကို ရေဝေးကိုပို့တာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မြေကြီးသယ်ကားနဲ့တင်တဲ့ အလောင်းတွေဟာ စာရင်းရှိအလောင်းတွေ ဟုတ်မဟုတ်လည်း မသိနိုင်ဘူးလို့ ဆိုပါတယ်။
"မိုးချုပ်ရင် အဲ့ဘောက်ကားနှစ်စီးကရောက်လာပြီ။ မိုးချုပ်လူခြေတိတ်တဲ့အချိန်ဆို အလောင်းတွေ အဲ့ကားနဲ့တင်တယ်။ အကုန်မီးမရှို့ဘူးလေ။ ကျနော်တို့ကြားတာတော့ ထိန်ပင်မှာ မြေမြှုပ်တယ်လို့ပြောတယ်။ အကုန်မရှို့နိုင်ဘူးလေ။ ညနေဆိုရင်ရေဝေးရှေ့မှာရပ်ထားပြီ အမြဲတမ်းပဲ" လို့ သုသာန်အနီးမှာ နေထိုင်သူက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပေမယ့် နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်စုံစမ်းနေပါတယ်။
ရန်ကုန်မြို့မှာ ဇူလိုင် ၁၀ ရက်နေ့ကစပြီး ကိုဗစ်ကြောင့် အောက်ဆီဂျင်မရတဲ့သူတွေ သေဆုံးနှုန်းမြင့်တက်ခဲ့ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေတုန်းက မီးသင်္ဂြိုဟ်စက်ရှေ့ကြမ်းပြင်ပေါ် အလောင်းတွေချပြီး တန်းစီရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက်နေ့တုန်းက ရန်ကုန်မြို့က သုသာန်လေးခုမှာ တစ်ရက်တည်း ရုပ်အလောင်း ၁၂၀၀ ကျော် ၁၃၀၀ နီးပါး သင်္ဂြိုဟ်ခဲ့ရပါတယ်။
ရန်ကုန်မြို့ သုသာန်လေးခုမှာ ဇူလိုင် ၂၃ ရက် ဒီနေ့ကလည်း မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်း ၁၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။
စစ်ကောင်စီက နေ့စဉ်ပိုးကူးစက်နှုန်းနဲ့ သေဆုံးနှုန်းတွေ ထုတ်ပြန်ခဲ့ပေမယ့် မြေပြင်အခြေအနေနဲ့ သိသိသာသာကွာခြားနေတယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။