ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၇) လုံလော့စျေးအနီးက ဆေးခန်းမှာ ဇူလိုင် ၂၂ ရက်နေ့က ဆေးဝါးကုသဖို့စောင့်ဆိုင်းနေရင်း လူနာတစ်ဦး သေဆုံးခဲ့တာကြောင့် Covid-19 Operation Team က သယ်ဆောင်မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
လားရှိုးမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူတွေနဲ့ ထိတွေ့ဆက်စပ်သူ ၂၁၄ ဦးကို ဇူလိုင် ၂၁ ရက်နေ့က PCR Swab ယူစစ်ဆေးခဲ့ရာမှာ ရောဂါပိုးကူးစက်ခံထားရသူ ၅၂ ဦး တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် အနံ့ပျောက်နေသူတွေနဲ့ အခြားအရေးကြီးလူနာတွေကို စစ်ဆေးခဲ့ရာမှာလည်း ပိုးကူးဆက်ခံရသူ ၁၇ ဦးတွေ့ရှိခဲ့တာကြောင့် ဇူလိုင် ၂၁ ရက်နေ့ တစ်ရက်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၆၉ ဦး ထိရှိလာပါတယ်။
လက်ရှိ လားရှိုးမြို့မှာ ဇွန် ၉ ရက်နေ့ကနေ ဇူလိုင် ၂၁ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြူလူနာ စုစုပေါင်း ၁၃၅၄ ဦးရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
အဲ့ဒီထဲက ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရသူ ၇၃၉ ဦးရှိပြီး သေဆုံးသူ ၈၀ ကျော်ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ဆေးရုံ၊ ဆေးခန်းတွေကို မသွားဘဲ မိမိအစီအစဉ်နဲ့ ကုသနေသူတွေ သေဆုံးတာတွေလည်းရှိနေပါတယ်။