ကျောက်ဆည်မြို့ ဗလီကွင်းရွာအပြင်ဘက်မှာ ပျူစောထီးအဖွဲ့ခေါင်းဆောင်လို့ သတ်မှတ်ခံထားရသူ ဦးစိန်မြင့်ကို ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ သေမင်းမှတ်တမ်းအဖွဲ့က ဓားနဲ့ လေးငါးချက်လောက် ထိုးခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာပြင်းထန်တဲ့ ဦးစိန်မြင့်ကို ကျောက်ဆည်ဆေးရုံကတဆင့် မန္တလေးဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် ကိုဗစ်လူနာတွေ များနေတာကြောင့် ဒဏ်ရာတွေကို ချုပ်ပေးပြီး ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။
ဦးစိန်မြင့်ဟာ ဗလီကွင်းရွာပြည်သူတွေအား အမျိုးမျိုးဒုက္ခပေးနေပြီး လိမ်ညာသတင်းပေးမှုတွေကြောင့် ရွာကို တပ်က ခဏခဏလာဝိုင်းနေလို့ ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ကျောက်ဆည်ခရိုင် ဒလန်ရှင်းလင်းရေး သေမင်းမှတ်တမ်းအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ဗလီကွင်းရွာကို ဒုက္ခပေးရုံမက အခြားရွာတွေက ပြည်သူတွေကိုလည်း ပုဂ္ဂိုလ်ရေးမကြည်မှုတွေကြောင့် သတင်းပေးခဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဦးစိန်မြင့်ဟာ ဗလီကွင်းရွာ ပျူစောထီးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ရွာက စစ်တပ်ထောက်ခံသူတွေကို တိုက်ခိုက်ရေး သင်တန်းပေးနေတယ်လို့လည်း ဆိုပါတယ်။
အဆိုပါ ပျူစောထီးအဖွဲ့မှာ သေနတ် နှစ်လက် ရထားပြီဖြစ်လို့ အခုလိုမှ မရှင်းပါက ပြည်သူတွေ ဒုက္ခရောက်လိမ့်မယ်လို့ သေမင်းမှတ်တမ်းအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
လက်ရှိအချိန်အထိ ဒလန်သတင်းမှုကြောင့် နာမည်ပေါက်ရှိထားသူ ရွာသား ၇ ယောက်လောက်ဟာလည်း ရွာကို လုံးဝဝင်လို့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။