ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ ဇူလိုင် ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး မိုင်းထိသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဇူလိုင် ၁၈ ရက်က စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား ၁၇ စီးပါ စစ်ယာဉ်တန်းဟာ ကေအန်ယူတပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို ဝင်ရောက်လာရာ ကား ၁ စီး မိုင်းထိပေါက်ကွဲခဲ့ပါတယ်။
အဆိုပါမိုင်းထိပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့တဲ့ကားကို စစ်တပ်က မနေ့က လာရောက်စစ်ဆေးစဉ် ထပ်မံပြီး မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာလို့ ကတိုင်တိကျေးရွာနေ မျက်မြင် ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။
“မိုင်းထိထားတဲ့ကားကို စစ်ဆေးနေချိန်မှာ နောက်ထပ်မိုင်းတစ်လုံး ထပ်ပေါက်တယ်။ အဲဒီပေါက်ကွဲမှုကြောင့် သူတို့တပ်ဖွဲ့ဝင် ၅ ယောက် ပွဲချင်းပြီး သေတယ်။ ၆ ယောက် ဒဏ်ရာရတယ်” လို့ မျက်မြင်ဒေသခံရွာသားတစ်ဦးက ဆိုပါတယ်။
မိုင်းထပ်ကွဲတဲ့နေရာကို ကတိုင်တိကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရသူတွေကို ကမမောင်းမြို့ကို ပြန်လည်ပို့ဆောင်သွားမယ်လို့ သိရှိရကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကေအန်ယူသတင်းဌာနက သတင်းထုတ်ပြန်ထား ပါတယ်။