ရွှေဘိုမြို့နယ်ထဲက ပလိုင်းကျေးရွာအုပ်စုမှာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေကို ပစ်သတ် ဖမ်းဆီးပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူ ၆၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာအုပ်စုမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေ ပြုလုပ်နေတာကြောင့် အဲဒီကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာ ၅ ရွာက ပြည်သူထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေရသလို နေအိမ်တချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ရွာတွေထဲမှာတော့ မသွားနိုင်တဲ့ သက်ကြီးရွယ်အိုတွေကလွဲပြီး ရွာရှိလူအကုန် ဘေးလွတ်ရာကို ရှောင်တိမ်းနေရတာပါ။
အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဖွဲ့တွေကတော့ ကျေးရွာအတွင်း တပ်စွဲထားပြီး ထွက်ပြေးသွားတဲ့ ပြည်သူတွေကို တောနင်းရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ ထွက်ပြေးသွားတဲ့ ပလိုင်းကျေးရွာ ဒေသခံတစ်ယောက်က ပြောဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ တတ်လူကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ညွန့် က သူတို့ရွာဘက်မှာ အာဏာရှင်ကို ဆန့်ကျင်တဲ့ပြည်သူတွေ လက်နက်ပြုလုပ် စမ်းသပ်နေတယ်လို့ သတင်းပေးမှုကြောင့် ဇူလိုင် ၁၇ ရက်နေ့ ညမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်အပြည့်အစုံနဲ့ အဲဒီရွာတွေဘက်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက တတ်လူကျေးရွာကိုမရောက်ခင် ဇူလိုင်လ ၁၇ ရက်နေ့ ညမှာ ဆိပ်ခွန်ကျေးရွာကို ရောက်ရှိလာခဲ့ပြီး ရွာလုံခြုံရေးအတွက် ကင်းစောင့်နေတဲ့ လူငယ် ၄ ယောက်ကို စစ်ဆေးမေးမြန်းမှုမရှိဘဲ သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
စစ်ကောင်စီကို သတင်းအမှားပေးခဲ့တဲ့ စစ်ကောင်စီခန့် တတ်လူကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဟာ လူသတ်မှုနဲ့ လွန်ခဲ့တဲ့ ၇ လဝန်းကျင်ကမှ ထောင်က ပြန်လွတ်လာတဲ့သူ ဖြစ်တယ်လို့ တတ်လူဒေသခံတွေက ပြောဆိုပါတယ်။
အခုလို သတင်းမှားပေးမှုကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး တချို့ကတော့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေရှိတဲ့ ရွာတွေမှာ သွားရောက်နေထိုင်နေပါတယ်။ တချို့ကတော့ တောတွေထဲမှာ တိမ်းရှောင်နေဆဲဖြစ်ပြီး ရွာကို ပြန်လာတဲ့သူတွေ မရှိသေးဘူးလို့ တတ်လူကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေဟာ တတ်လူကျေးရွာနဲ့ ပလိုင်းကျေးရွာတွေမှာ တပ်စွဲထားပြီး ဇူလိုင်လ ၁၉ ရက်နေ့မနက်ပိုင်းမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ပြည်သူတချို့က DVB သတင်းဌာနကို ပြောဆိုပါတယ်။
အဲဒီဒေသတွေမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေနဲ့ပတ်သတ်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။