စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ PDF (Kalay) တပ်ဖွဲ့တို့ ဇူလိုင် ၁၆ ရက်နေ့ မနက်က ၅ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးခဲ့ပြီး PDF (Kalay) တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးတွေနဲ့ အဓိက ပစ်ခတ်ခဲ့တယ်လို့ PDF(Kalay) က ထုတ်ပြန်ထားပါတယ်။
ကလေးမြို့နယ် တောင်ပိုင်းကို ဖိနှိပ်ရှင်းလင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်တွေကို PDF (Kalay) အနေနဲ့ အပြင်းအထန် လက်တုံ့ပြန်သွားမှာဖြစ်ပြီး ကလေးမြို့နဲ့ ဂန့်ဂေါမြို့အကြား သွားလာတဲ့ ကားတွေအနေနဲ့ မဖြစ်မနေ မှန်ချပြီး မောင်းနှင်ပေးကြဖို့ PDF (Kalay) က အသိပေးထားပါတယ်။
အလားတူ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ခရီးသွားပြည်သူတွေအနေနဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် လမ်းမကြီးတွေပေါ်မှာ ဇူလိုင် ၁၈ ရက်နေ့ကစပြီး ည ၈ နာရီနောက်ပိုင်း ဖြတ်သန်းမောင်းနှင်တာတွေမလုပ်ဖို့ ဇူလိုင် ၁၆ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရပ်သားကားတွေကို အသုံးပြုပြီး သွားလာလှုပ်ရှားနေတာကြောင့် မှားယွင်းပစ်ခတ်မိမှာ စိုးရိမ်တဲ့အတွက် အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။
ဇူလိုင် ၁၈ ရက်နေ့ ည ၈ နာရီနောက်ပိုင်း ပုလဲမြို့နယ်ရဲ့ လမ်းမကြီးများပေါ်မှာ ဖြတ်သန်းမောင်းနှင်ခြင်းမပြုဘဲ စခန်းချ ရပ်တန့်ထားပေးကြဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်သားအသွင်ယူပြီး ဒေသအတွင်း လှုပ်ရှားသွားလာကြောင်း သိရတဲ့အတွက် တိုက်ခိုက်ချေမှုန်းနိုင်ဖို့ ပြည်သူတွေအနေနဲ့ တွေ့ရှိပါက နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကို အချိန်မီ သတင်းပို့ကြဖို့လည်း ပုလဲ PDF က ထုတ်ပြန်ထားပါတယ်။