ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့ ရပ်ကွက် ၅ ထဲရှိ မြို့မဈေးကြီးမှာ မနေ့ည သန်းခေါင်ကျော် ဇူလိုင် ၁၆ ရက် မနက်အစောပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်တာကို ကွတ်ခိုင်မီးသတ်တပ်ဖွဲ့၊ သိန္နီမီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ ရပ်ကွက်သူရပ်ကွက်သားတွေပါ ဝိုင်းပြီး မီးငြှိမ်းသတ်ရာမှာ မနက် ၁ နာရီကျော်လောက်မှာ ငြိမ်းသွားပါတယ်။
ဆိုင်ခန်းပေါင်း ၃၇ လုံးလောက်မီးထဲ ပါသွားတယ်လို့ ကွတ်ခိုင်ဒေသခံ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
“မီးလောင်တယ်လို့ ကြားတာနဲ့ ကျနော်တို့လည်း နိုင်သလောက်သွားကူခဲ့ကြပါတယ်ခင်ဗျ။ ရေပုံးလေးနဲ့ နိုင်လည်း ရေပုံးဆွဲပြီးငြှိမ်းပေါ့။ အဓိကကတော့ မီးသတ်ကားတွေပေါ့ ဆယ်စီးထက်မ နည်းရှိတယ်။ သိန္နီမီးသတ်လည်းလာတယ်။ မနက် ၁ နာရီကျော်လောက် ငြိမ်းသွားပါတယ်။ ကျနော်တို့ရောက်သွားတဲ့အချိန်မှာ ဈေးခြံစည်းရိုး အစပ်ပိုင်းမှာ လောင်နေပြီ၊ အဲဒီမှာ ဆန်ဆိုင်၊ တိုင်းရင်းဆေးဆိုင်၊ ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ အပ်ချုပ်ဆိုင်တွေရှိတယ်၊ စုစုပေါင်း ၃၇ ဆိုင်ရှိ တယ်လို့ ပြောတယ် ၊ ဈေးကြီးရဲ့ ၅ ပုံ ၁ ပုံလောက် လောင်သွားတယ်”
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတော့မရှိကြောင်း၊ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကိုလည်း သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတုန်းလို့ သူကဆက်ပြော ပါတယ်။
ကွတ်ခိုင်မှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် မြို့ထဲအသွားအလာနည်းပါးနေပြီး ဈေးကတော့ ပုံမှန်ဖွင့်နေပါတယ်။