မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ကာကွယ်ဆေးထိုးပြီးသား သူနာပြု၊ ဆေးဘက်ဆိုင်ရာနဲ့ အထွေထွေဝန်ထမ်းတွေ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံနေရတယ်လို့ ဆေးရုံဝန်ထမ်းတချို့က ပြောပါတယ်။
ဒီကနေ့ စစ်ဆေးရာမှာ ဆေးရုံဝန်ထမ်း ၃ ဦးထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေထဲက သူနာပြုနဲ့ ဓာတ်မှန်လက်ထောက်အပါအဝင် စုစုပေါင်း ၆ ဦး ရှိပြီလို့ သိရပါတယ်။
ကျန်းမာရေးဝန်ထမ်းတဦးက “မနေ့က စစ်တာတော့ Q တာဝန်ကျသူနာပြု ၂ ဦးထိတာ ဆိုတော့ အားလျော့သွားတာပေါ့” လို့ ပြောပါတယ်။
မင်းတုန်းမြို့နယ်မှာ ကိုဗစ်တတိယလှိုင်းကာလ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က စတင်ကူးစက်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါဟာ ကျေးလက်တွေပါ ပျံ့နှံ့လာပြီလို့ လူမှုကူညီရေး အသင်းသားတဦးက ပြောပါတယ်။
“မဲဇလီကျေးရွာ ၁၄ ဦး အများဆုံးပေါ့။ မြို့အနီးအနားရွာတွေပါ ဆက်ကုန်တာ။ မြို့က ကိုယ့်အသိနဲ့ကိုယ် လော့ဒေါင်းချသလို အပြင်မထွက်ဘဲ နေကြတာ တပတ်ကျော်ပြီ။”
မင်းတုန်းမြို့မှာ ဇွန်လ ၂၆ ရက်နေ့ကနေ ဇူလိုင် ၁၄ ဒီကနေ့ထိ ပိုးတွေ့လူနာပေါင်း ၁၇၀၊ သေဆုံးသူ ၁ ဦးနဲ့ ရောဂါသက်သာလို့ ဆေးရုံဆင်းသူ ၄၇ ဦး ရှိတယ်လို့ သိရပါတယ်။