Home
ရင်ဖွင့်စာ/ပေးစာ
တပ်မတော်သားများနှင့် ပြည်သူ့ရဲများကို ပြောပါရစေ (ပေးစာ)
DVB
·
July 14, 2021
Letter

ညီညွတ်ကြပါ ဒီအချိန်မှာ

ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ အများပြည်သူအများစု ရွေးချယ်တင်မြှောက်တဲ့ ရွေးကောက်ခံ NLD ပါတီခေါင်းဆောင်တွေကို တရားမဝင်ဖမ်းဆီး ထိန်းသိမ်းပြီး ဒို့အချုပ်အခြာကို အာဏာရူးတစုက ကျနော်တို့ ပြည်သူတွေရဲ့ လက်ထဲကနေ လုယူဖို့ ကြိုးစားနေကြတယ်လေ။

မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ သူတို့ကိုယ်ကျိုးအတွက် နိုင်ငံအာဏာကို ချုပ်ကိုင်ချယ်လှယ်ဖို့ ကျနော်တို့ ခင်ဗျားတို့တွေရဲ့ ဘဝတွေကို စတေးဖို့ လုပ်နေပါပြီ။

ဒီတော့ မင်းအောင်လှိုင် အရူးလုပ်တာကို မခံကြပါနဲ့၊ သူတို့ရဲ့ အကုသိုလ်ကို မျှမယူချင်ပါနဲ့ ၊ မင်းအောင်လှိုင်ဟာ သတင်းမီဒီယာတွေမှာ ဘုရားတွေသွားပြ၊ ဘုန်းကြီးတွေကို ရှိခိုးပြနေပေမဲ့ တကယ်တန်းမှာ ကိုယ့်ပြည်သူကို ပြန်သတ်ဖို့ ခင်ဗျားတို့ကို အမိန့်ပေးနေတဲ့ လူသတ်ကောင်ပါ။ မင်းအောင်လှိုင်နဲ့ လူသတ်စစ်ကောင်စီဟာ ဘယ်လို ရက်စက်မှုကိုမဆို လုပ်ဖို့ အသင့်ဖြစ်နေပါတယ်။

တပ်မတော်သားများနှင့် ပြည်သူ့ရဲများခင်ဗျာ

ဘုရားရှင်တော် ဟောထားတဲ့ ကံနဲ့ ကံ၏ အကျိုးဆိုတာ ခင်ဗျားတို့ ကောင်စွာ သဘောပေါက်ကြတဲ့ အတိုင်း ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန်ရောက်စမြဲမို့ လုပ်သင့် လုပ်ထိုက်တာကို မဆိုင်းမတွ လုပ်ကြပါတော့။ 

ခင်ဗျားတို့တွေ ရွှေတိဂုံဘုရားကို ဦးချမိတဲ့အခိုက်၊ နိုင်ငံတော်အလံကို ဦးညွှတ်အလေးပြုခိုက် ဒီလို အခိုက်အတန့်လေးမှာ နိုင်ငံတော်သီချင်းကို ခံစားသတိရကြည့်ပါဗျာ။ 

“ဒါ ဒို့မြေ ဒါဒို့ပြည် ဒို့ပိုင်တဲ့မြေ၊ ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ”လို့ ဆိုခဲ့ကြတယ်။ ခုလက်ရှိအချိန်မှာတော့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေကို ဖယ်ရှားဖျက်ဆီးဖို့ လုပ်နေပါပြီ။ 

၅၄ သန်းသော ပြည်သူလူထုဟာ စစ်ကောင်စီကို  အသွေးထဲ အသားထဲကနေ ရွံရွာ စက်ဆုပ် မုန်းတီးနေကြပြီ၊ ပြည်သူလူထုမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ဆေးဝါး မလုံလောက်တဲ့ ကြားက စစ်ကောင်စီရဲ့ နှိပ်စက်မှုကြောင့် အသက်ရှင်ရက် ဘဝတွေ သေဆုံးသလို ခံစားနေကြရတယ်။

ပြည်သူလူထုဟာ ကိုယ့်မြေ ကိုယ့်ရေမှာနေရင်း နေ့စဉ် အကျဉ်းသားဖြစ်နေကြရပါတယ်။ စစ်ကောင်စီဟာ တိုင်းပြည်ကို လူမှုရေး၊ စီးပွားရေး ဘက်ပေါင်းစုံမှာ အနိမ့်ကျဆုံး အခြေအနေကို တွန်းပို့နေလို့ ပြည်သူလူထုဟာ ဒုက္ခပင်လယ်ဝေနေရပြီ။

ဒီပြည်သူလူထုကို ကယ်တင်ဖို့ ရောက်ရာနေရာကနေ၊ ရရာလက်နက် ကိုင်စွဲပြီး တိုက်ပွဲစကြပါတော့။ ဗိုလ်ချုပ်အောင်ဆန်း မှာခဲ့တာ ပြန်သတိရပါ။ တပ်မတော်ဟာ ပြည်သူကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဖို့ မောက်မာဖို့ ဖွဲ့ထားတာမဟုတ်ဘူး။ ဒီလက်နက်နဲ့ ပြည်သူကို ကာကွယ်ဖို့ ဆိုတာ မမေ့နဲ့။ ဒီနေ့ အချိန်ဟာ ပြည်သူလူထုကို လူသတ် မိစ္ဆာအာဏာရှင် လက်အောက်ကနေ ကယ်တင်ရမယ့် အချိန်ပဲ။ 

“တွေဝေမနေနဲ့”

ပြည်သူလူထုနဲ့ တသားတည်းရပ်တည်ပါ။ တရားမဝင်တဲ့ ဖော်ဖော်ဝါရီ ၁ ရက်နေ့ အာာဏာသိမ်းမှုကို လုံးဝဆန့်ကျင်ပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ဖို့ ကူညီပါ။

နိုင်ငံမှာ ဒီမိုကရေစီ ပြည်လည်တည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင်ပါ။ ဒီလွတ်မြောက်မှုကြီးဟာ အနာဂတ်မျိုးဆက်သစ်တွေ အားလုံးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ လူ့အသိုက်အဝန်းကောင်းကြီးကို ဖန်တီးပေးဆပ်နိုင်မှာ အသေအချာပါ။ တပ်မတော်သားများနဲ့ ပြည်သူ့ရဲများကို အနူးအညွတ် တောင်းပန်ပါတယ်။

ပြည်သူ့အာဏာကို မိစ္ဆာအာဏာရှင် လက်အောက်ကနေ ပြန်လည်ရယူပြီး ပြည်သူ့လက်ထဲ ပြန်ထဲ့ပေးတဲ့ တပ်မတော်သားများဟာ တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေပါ။ ဒို့မြေ ဒို့ပြည် ဒို့ အချုပ်အခြာဟာ ဒို့ပြည်သူတွေ လက်ထဲမှာပဲ ရှိသင့်ပါတယ်။

မတွေဝေနဲ့တော့…..

ကျော်သီဟ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024