တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ် တစ်စုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင့်သို့ အမြန်ဆုံးခိုဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တပ်မတော်သားတွေကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်သားတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒသဘောထားကြေညာချက်ကို ဒီကနေ့ ဇွန်လ ၁ ရက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ပြည်သူလူထုကို အကြမ်းဖက် ညှဉ်းပန်းသတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေဟာ စက်ဆုပ်ဖွယ်ဖြစ်ရုံမက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ်လို့ သစ္စာဓိဋ္ဌာန်ပြုထားတဲ့ တပ်မတော်သားတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး သစ္စာစူးမယ့် လုပ်ရပ်လို့ နားလည်သဘောပေါက်ကြတဲ့ အရာရှိ၊ အရာခံ အကြပ် စစ်သည်တွေဟာ ပြည်သူလူထုနဲ့ ဓမ္မဘက်မှ ရပ်တည်တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေကြပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လူစိတ်ကင်းမဲ့တဲ့ လုပ်ဆောင်ချက်တွေကြောင့် သူတို့ရဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာလည်း ပြည်သူ့က အော့နှလုံးနာတဲ့ အကြမ်းဖက်အုပ်စုများအဆင့်သို့ လျော့ကျခဲ့ရပြီဖြစ်တယ်လို့လည်း NUG က ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေမှာ အလိုတူ အလိုပါ အဖြစ်မခံနိုင်တဲ့အတွက် စွန့်စားထွက်ခွာလာကြတဲ့ တပ်မတော်သားအားလုံးကို NUG အစိုးရက ပြည်သူ့ဘက်တော်သား သူရဲကောင်းစစ်သည်တွေ အဖြစ် မှတ်ယူကာ နွေးနွေးစွာ လက်ကမ်းကြိုဆို တဲ့အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ လမ်းခွဲပြီး ပြည်သူလူထုနဲ့ ဓမ္မဘက်က ရဲရဲရပ်တည်ရှေ့ဆက်မယ့် တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို နွေးထွေးလုံခြုံမှုနဲ့ ဘဝ အာမခံချက်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအာဏာ လောဘဇောကြောင့် အဖက်ဖက်က ယိုယွင်းကျဆင်းပျက်စီးလာနေတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အမြန်ဆုံးကယ်ဆယ် စောင့်ရှောက်နိုင်သူတွေဟာ တပ်မတော်သားများ ကိုယ်တိုင်သာဖြစ်ပြီး တပ်မတော်သားတွေအနေနဲ့ အရေးတော်ပုံကြီးမှာ ပြည်သူလူထုနဲ့ အတူရပ်တည် ပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တပ်မတော် တာဝန်ရှိသူ အဆင့်ဆင့်ကတော့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် အပြည့်အဝ တာဝန်ယူ တာဝန်ခံကာ ထိုက်တန်တဲ့ အရေးယူမှုတွေ မလွဲမသွေခံရမှာဖြစ်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။
NUG ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒေသအသီးသီးမှာ ဖွဲ့စည်းထားပြီး တချို့ပြည်နယ်နဲ့ တိုင်းတွေမှာတော့ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပါတယ်။
PHOTO- CINCDS