မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ် တောင်ပိုင်းဇုန်မှာ ဇူလိုင် ၁၃ ရက်နေ့မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျရေးအတွက် ဒေသခံပြည်သူ ရာနဲ့ချီ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီကနေ သိရပါတယ်။
တောင်ပိုင်းဇုန်မှာရှိတဲ့ ဒေသခံပြည်သူ ရာနဲ့ချီပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်ပြုတ်ကျရေးအတွက် အသံမတိတ်၊ အလံမလိပ်ဘဲ ရွာစဥ်အလိုက် ချီတက်ပြီးတော့ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြတာလို့ သပိတ်ကော်မတီ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ဒါအပြင် မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီကလည်း သက်ဆိုင်ရာ ဇုန်အလိုက် ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျရေးအတွက် နေ့စဥ်ရက်ဆက် သပိတ်မှောက်နေသလို အခက်ခဲဖြစ်နေတဲ့ CDM ပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။