ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တရုတ်ငွေစျေးတက်နေတာနဲ့ လော့ဒေါင်း ချထားတဲ့အတွက် ကုန်စျေးနှုန်းတွေ အရင်ကထက်ပိုမိုမြင့်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“တရုတ်ငွေစျေးက အရင်က တရုတ်ငွေ ၁ ယွမ်ကို ကျပ် ၂၀၀ ဝန်းကျင်ပဲရှိတာ။ အာဏာသိမ်းပြီးနောက် တရုတ်ငွေစျေးက ကျပ် ၂၄၀ ကနေ ၂၅၀ ကြားထိတက်လာတယ်၊ ကုန်စျေးနှုန်းတွေ အရမ်းတက်တယ်၊ စီးပွားရေးကလည်း ကျပ်တည်းလာတယ်”လို့ မြို့ခံ တစ်ယောက်က ပြောပါတယ်။
မူဆယ်မြို့က တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးဇုန်ဖြစ်တဲ့အပြင် စီးပွာရေး အချက်အချာကျတဲ့ မြို့ဖြစ်တာကြောင့် တရုတ်ငွေဈေးတက်တဲ့အခါ ကုန်စည်ဈေးနဲ့ စားသောက်ကုန်ဈေးနှုန်းတွေပါ တက်လာတယ်လို့ သိရပါတယ်။
မူဆယ်မြို့မှာ ဇွန်လအကုန်ပိုင်းကစပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တွေ့ခဲ့ရပြီးနောက် ရပ်ကွက်တချို့မှာ လော့ဒေါင်းချပြီး ဈေးဆိုင်တွေပိတ်ထားတဲ့အတွက်လည်း အရင်ထက် ဈေးပိုတက်နေတယ်လို့ ဆိုပါတယ်။
မူဆယ်ဒေသခံ တစ်ဦးက “လော့ဒေါင်းနဲ့ဆိုတော့ အလုပ်ကမရဘူး။ တရုတ်ငွေစျေးက တက်တဲ့အပြင် စားသောက်ကုန်စျေးတွေပါ ဈေးထပ်တက်နေတာ။ အရင်က မူဆယ်မှာ လူအစည်ဆုံးပဲ၊ အခုဆိုလမ်းတွေပါ တိတ်ဆိတ်ပြီး ခြောက်ကပ်နေတာ။ လမ်းမကြီးတစ်ခုပဲ သွားလို့ရတယ်။ ရပ်ကွက်လမ်းအကုန်ပိတ်ထားတယ်” လို့ ပြောပါတယ်။
မူဆယ်မြို့မှာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ အယောက် ၃၃၀ ရှိလာပြီး သေဆုံးသူ ၇ ဦး ရှိပါတယ်။