ဟေတီရဲတပ်ဖွဲ့ဟာ သမ္မတ ဂျိုဗစ်နလ်မိုအိဇ် လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တဲ့ သံသယရှိသူတွေထဲက ၄ ဦးကို ပစ်သတ်ခဲ့ပြီး ဟေတီလူမျိုးအမေရိကန်နိုင်ငံသား ၂ ဦး အပါအ၀င် နောက်ထပ် ၆ ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ ဇူလိုင် ၈ ရက်မှာ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆက်လက်ပြီး ဟေတီအာဏာပိုင်တွေဟာ ဒီဆင်းရဲနွမ်းပါးတဲ့ ကာရစ်ဘီယံနိုင်ငံ ဟေတီကို အံ့အားသင့်စေတဲ့ လုပ်ကြံသတ်ဖြတ်မှုရဲ့နောက်ကွယ်က ကြိုးကိုင်သူတွေကို ရှာဖွေနေပါတယ်။
အသက် ၅၃ နှစ်အရွယ် သမ္မတမိုအိဇ် ဟာ သူ့ရဲ့နေအိမ်မှာ ဇူလိုင် ၇ ရက် အစောပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး တာဝန်ရှိသူတွေရဲ့ပြောဆိုချက်အရ လေ့ကျင့်ထားကြတဲ့ နိုင်ငံခြားသား သတ်ဖြတ်သူတွေလို့ ထင်ရတဲ့ ကွန်မန်ဒိုအဖွဲ့တဖွဲ့ရဲ့လက်ချက်လို့ ဆိုပါတယ်။
ဒီလက်နက်ကိုင် ကွန်မန်ဒိုအဖွဲ့ထဲမှာ ကိုလံဘီယာ ၂၆ ဦးနဲ့ အမေရိကန်နိုင်ငံသား ၂ ဦးတို့ ပါဝင်ဖွဲ့စည်းထားတယ်လို့လည်း ဆိုပါတယ်။
အာဏာပိုင်တွေက လူသတ်သမားများကို ဖမ်းဆီးနိုင်ရေး ကူညီဖို့ ၁၅ ရက်ကြာ အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။
ကြိုတင်သတင်းအချက်အလက်တွေအရ ဟေတီသမ္မတလုပ်ကြံခံရမှုမှာ ပါဝင်တဲ့ ကိုလံဘီယာနိုင်ငံသားတွေဟာ ကိုလံဘီယာစစ်တပ်ကနေ အငြိမ်းစားယူထားသူတွေ ဖြစ်တယ်လို့ ကိုလံဘီယာကာကွယ်ရေးဝန်ကြီး ဒီရေဂိုမိုလာနိုက ဇူလိုင် ၈ ရက်က ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုမှာ ကိုလံဘီယာရဲ့ ဘိုဂိုတာအစိုးရလည်း ပူးပေါင်းပါဝင်လိမ့်မယ်လို့လည်း ပြောပါတယ်။