ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ သင်္ဘောဆိပ်ကမ်းရှိ ဖဲဝိုင်းမှာ ဇွန်လ ၃ ရက် ညနေ ၅ နာရီလောက်က အရပ်သားတစ်ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးတာကြောင့် သေဆုံးသွားပါတယ်။
ပစ်ခတ်ခံရသူမှာ ဝမ်းဗိုက်သေနတ်ထိမှန်ပြီး နေရာမှာ လဲကျသေဆုံးသွားခဲ့ကာ ရဲတွေက အလောင်းကို ကားပေါ်ပစ်တင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူမှာ ခွန်သာရပ်ကွက်မှ ကိုအောင်မြင့်ဖြစ်ပြီး ကြုံရာကျပန်း ရှာဖွေစားသောက်နေသူလို့ သိရကာ ဆီပုံးထမ်းခရတဲ့ လုပ်အားခကို ငွေပွားစေဖို့အတွက် ဖဲဝိုင်းမှာရောက်ရှိနေစဉ် ရဲတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရတာလို့ ဗန်းမော်မြို့ခံတွေက ဆိုပါတယ်။
မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက "သေနတ်သံ ၅ ချက်လောက်ကြားရတယ်။ လူတွေလည်း ဝရုန်းသုန်းကားပြေးလာကြတာ။ လူမြင်ကွင်းကြီးမှာ သေနတ်နဲ့ ပစ်ခတ်နေတော့ အားလုံးကြောက်ကုန်တာပေါ့"လို့ ပြောပါတယ်။
ဇွန်လ ၂ ရက် ညနေပိုင်းကလည်း တပ်ကလေးစျေးတန်းဘက်မှာ ဘိမ်းစားတွေဖမ်းတယ်ဆိုပြီး သတင်းလွှင့်ကာ အမျိုးသား ၄ ယောက်လောက်ကို စစ်ကောင်စီဝင်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေ ဒေသခံတချို့က ပြောပါတယ်။
ဗန်းမော်မြို့မှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ PDF တွေလို့စွပ်စွဲပြီး စစ်ကောင်စီ လက်နက်ကိုင်တပ်တွေက လူငယ်တွေကို လူမြင်ကွင်းမှာ ဖမ်းဆီးနေတယ်လို့လည်း ပြောပါတယ်။