မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ စစ်ကောင်စီခန့်ထားတဲ့ စွန်းလွန်းရပ်ကွက် ခေါ် ၁၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးသန့်ကို အမည်မသိသူတွေက သေနတ်နဲ့ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
''ဒီနေ့မနက် ၈ နာရီလောက်က ၁၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးသန့် အိမ်ကို ထောက်ခံစာလုပ်မယ်ဆိုပြီးလာတဲ့သူတွေက သေနတ်နဲ့ ၃ ချက်ပစ်သွားတယ်။ မသေသေးပါဘူး။ ဆေးရုံတော့ရောက်သွားပြီ'' လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မြင်းခြံမြို့ပေါ်မှာ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက နေရာအနှံ့မှာ စစ်ဆေးမှုတွေပြုလုပ်နေပြီး သေနတ်သမားခေါ်လာတဲ့ ဆိုင်ကယ်ကယ်ရီကို အပူတပြင်း လိုက်ရှာနေကြပါတယ်။
မြင်းခြံ Zero ပြောက်ကျားအဖွဲ့ကတော့ သူတို့လက်ချက်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။