မကွေးမြို့ရှိ ဒေါင်းနေအကျဉ်ထောင်အတွင်းမှာ အနံ့မရသူနဲ့ နေထိုင်မကောင်းဖြစ်နေသူတွေ အများအပြားရှိနေပြီး စစ်ကောင်စီက ကျန်းမာရေးစစ်ဆေးပေးတာလည်း မရှိဘူးလို့ ဒေါင်းနေအကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။
ဒေါင်းနေအကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက “ထောင်အတွင်းမှာ ရောဂါကူးစက်ဖြစ်ပွားမှု တွေ ရှိနေလို့ ထောင်တွင်းတရားရုံးမှာစစ်နေတဲ့ အမှုတွေကို ဆက်မစစ်တော့ဘဲ ရက်ချိန်းတွေပဲ ပေးလိုက်တယ်။ မိသားစုတွေကိုလည်း တွေ့ခွင့်မပေးဘူး။ အထဲမှာ အနံ့မရတဲ့သူတွေ၊ နေမကောင်းတဲ့သူတွေ များတယ်။ ဖျားတဲ့သူတွေကတော့ အဆောင်တိုင်းမှာရှိတယ်။ အဆောင်တွေ၊ အခန်းတွေက များတော့ နေမကောင်းတဲ့သူ အရေအတွက်ကတော့ အတိအကျမ သိရဘူး။ ဆေးစစ်ပေးတာတွေလည်း အခုထိတော့ မရှိသေးဘူး။ နေမကောင်းလို့ သွားပြောလည်း ဆေးမပေးဘူး။ ဒီရက်ပိုင်းမှာ အသစ်ထပ်ရောက်လာတဲ့သူတွေဆီက ကူးကြတယ်လို့တော့ သိရတယ်” လို့ ပြောပါတယ်။
ဒေါင်းနေ ထောင်တွင်းက ဖမ်းဆီးခံထားရသူတွေရဲ့ ကျန်းမာရေးအခြေအနေသိရဖို့ တာဝန်ကျထောင်ဝန်ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
ပြန်လည်လွတ်မြောက်လာသူတဦးက “ထောင်ကကျွေးတဲ့ အစားအသောက်တွေက ဆိုးဝါးသလို အသက်ကြီးတဲ့သူတွေ အပါအဝင်ပေါ့။ စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ရတဲ့သူတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်တာလည်း မရှိဘူး” လို့ သိရပါတယ်။
မကွေး ဒေါင်းနေအကျဉ်းထောင်မှာ အကြမ်းဖက်စစ်ကောင်စီက ၅၀၅(က) နဲ့ အမှုဖွင့်ဖမ်းဆီးခံရသူ ၈၀၀ နီးပါးရှိပြီး တခြားအမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အပါအဝင် ၁၅၀၀ ခန့်ရှိတယ်လို့ သိရှိရပါတယ်။
ဒေါင်းနေ အကျဉ်းထောင်ကနေ ဇွန် ၃၀ ညနေပိုင်းမှာ ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲခံရသူ ၂၆ ဦး လွတ်မြောက်ခဲ့ပြီး အဲဒီအထဲမှာ အရေးပေါ်ဆေးကုသဖို့ လိုအပ်နေတဲ့ GTI ကျောင်းသား မောင်လျှံဖြိုးအောင် မပါဝင်သေးဘူးလို့လည်း သိရပါတယ်။