ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ဇွန်လ ၃၀ ရက်နေ့ညပိုင်းက ဗုံးပေါက်ကွဲပြီးနောက်ပိုင်း မြို့ဝင်ထွက် ဂိတ်ပေါက်တွေမှာ လုံခြုံရေးတင်းကြပ်လိုက်တယ်လို့ သိရပါတယ်။
မျိုးဇေရပ်ကွက်၊ ဆေးရုံးလမ်းမကြီးပေါ်က အောင်ဇေယျလမ်းထောင့်က တွတ်တွတ်ဘီယာဆိုင် မျက်စောင်းထိုးရှေ့မှာ မနေ့ည ၁၀ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"ဗုံးပေါက်ကွဲတာ တော်တော်များများ မသိလိုက်ဘူး၊ ညပိုင်း အိပ်ချိန်ဆိုတော့ ဘယ်သူဖောက်တယ်ဆိုတာလည်း မသိလိုက်ဘူး။ ဖြစ်တဲ့အချိန်ကလည်း ညမထွက်ရ အချိန်မှာဖြစ်တာဆိုတော့ ပြောဖိုခက်တယ်။ ဖောက်တဲ့သူက ရဲတယ်လို့ ပြောရမလို ဖြစ်နေပြီ” လို့ ဒေသခံတဦးက DVB ကိုပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့အချိန်ဟာ ညမထွက်ရ အချိန်ဖြစ်တာကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုး မရှိသလို ရဲနဲ့ စစ်တပ်လာရောက်စစ်ဆေးခဲ့ပေမယ့် တရားခံဖမ်းမိတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။
ငါးသိုင်းချောင်းမြို့မှာ ဇွန်လ ၂၇ ရက်နေ့ညပိုင်းက ဗုံး ၅ လုံးဆက်တိုက်ပေါက်ကွဲခဲ့သလို ၁ လလုံး ဗုံး ၁၀ လုံးလောက်ပေါက်ကွဲခဲ့ပြီး တရားခံဖမ်းဆီးရမိတာမျိုး မရှိသေးတဲ့အပေါ် ရဲအချင်းချင်းလည်း အခြေအနေတင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။