မကွေးမြို့မှာ ဇွန်လ ၂၉ ရက်နေ့က ထွေအုပ်ဝန်ထမ်း ၄ ယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ယောက် တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေကနေ သိရပါတယ်။
ပိုးတွေ့လူနာတွေကတော့ စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၄ ယောက်၊ ရန်မျိုးအောင်ရပ်ကွက်က ၁၀ ယောက်၊ ကန်သာရပ်ကွက်က ၂ ယောက်နဲ့ အောင်စေတနာရပ်ကွက်က ၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင် တယောက်က DVB ကို ပြောပါတယ်။
မကွေးတိုင်းဒေသကြီး အားကစားကွင်းမှာ ကိုဗစ်သံသယရှိတဲ့သူတွေကို RDT နဲ့ စစ်ဆေးခဲ့တာဖြစ်ပြီး ပိုးတွေ့လူနာနဲ့ ဆက်စပ်တဲ့မိသားစုဝင်တွေကိုတော့ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ ခေါ်ယူစစ်ဆေးတာတွေ မလုပ်သေးဘူးလို့ လူနာရဲ့မိသားစုဝင်တစ်ယောက်က ပြောပါတယ်။
ဒီကနေ့ ပိုးတွေ့လူနာ ၁၇ ယောက်အပါအဝင်၊ ဇွန်လ ၂၈ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာ ၁၃ ယောက်ကိုတော့ ပြည်သူ့အစိုးရလက်ထက်က ကိုဗစ်-၁၉ ရောဂါကုသရေး အထူးကြပ်မတ်ဆောင်အဖြစ် အသုံးပြုခဲ့တဲ့ ၅ ထပ်ဆောင် ဆေးရုံကြီးကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။