ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ထဲမှာ ဒီကနေ့ နေ့ခင်းပိုင်းက ပြည်သူတွေက SSPP ရှမ်းလက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြနေစဉ် ဗုံးပေါက်ကွဲမှု အနည်းဆုံး ၃ ကြိမ်ခန့် ဖြစ်ပွားပြီး အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး ဒဏ်ရာပြင်းစွာ ရရှိခဲ့ပါတယ်။
နမ့်ခမ်းမြို့ မန့်ဆွမ်းကျေးရွာက ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် ၁ ဦးကို SSPP လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားပြီး သူတို့လက်ထဲ သေဆုံးသွားတဲ့အပေါ်မကျေနပ်လို့ ဒေသခံတွေဟာ မနေ့ညက မန့်ဆွမ်းရွာမှာ တစ်ကြိမ်ဆန္ဒပြခဲ့ပြီး ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်မှာလည်း လူအင်အား ၁၀၀၀ ကျော်နဲ့ နမ့်ခမ်းမြို့လယ်ကောင် ပြည်ထောင်စုလမ်းမကြီးပေါ် ချီတက်ဆန္ဒပြလာခဲ့ကြပါတယ်။
ဆန္ဒပြစစ်ကြောင်းဟာ နမ့်ခမ်းဈေးကြီးနား ရောက်ခါနီးမှာတော့ အရှေ့မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတယ်လို့ ဆန္ဒပြတဲ့ထဲပါဝင်သူ ပြည်သူ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပေါက်ကွဲတာက ကျနော်တို့ရှေ့နားလေးတင် ပေ ၂၀ - ၃၀ လောက်အကွာ ဈေးထောင့်မှာ ဖြစ်သွားတာပါခင်ဗျ။ ကျနော်တို့က အနောက်ဘက်လောက်မှာဆိုတော့ ဖြစ်စဉ်ကို မတွေ့ဘူး။ ပေါက်ကွဲသံတော့ ၆ ခါလောက် ကြားရတယ်။ အဲဒီလိုဖြစ်တော့ ဆန္ဒပြတဲ့လူစုလည်း ကွဲသွားတယ်။ အဲဒီနားက လူတွေ မေးကြည့်တာတော့ ဗုံးခွဲတဲ့လူက ၄ ယောက်ရှိတယ်။ ဆိုင်ကယ် ၂ စီးနဲ့ လာတယ်။ ဆိုင်ကယ်ပေါ်ကနေ ပစ်ချတဲ့သဘော၊ ဒါပေမဲ့ ၁ စီးက သူတို့လည်းဗုံးထိပြီး ၁ ယောက်သေ ၁ ယောက်ဒဏ်ရာပြင်းတယ်၊ တချို့လည်း ၂ ယောက်လုံး သေတယ်လို့ပြောတယ်။ ဘာလို့လဲဆိုတဲ့ အဲဒီ ၂ ယောက်မှာ သေနတ်ပါတယ်၊ မပေါက်သေးတဲ့ဗုံးလည်း ပါတယ်တဲ့၊ သူတို့ကို စစ်တပ်က လာသယ်သွားတော့ နောက်ဆက်တွဲမသိရဘူး။”
ဒါ့အပြင် အဆိုပါပေါက်ကွဲမှုကြောင့် ဈေးရှေ့မှာ ရွှေရင်အေး ရောင်းနေတဲ့ မိန်းကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရသွားသလို ဈေးနဲ့ တပြလောက်သာကွာဝေးတဲ့ မြို့လယ်ဘုရားနားမှာလည်း Vigo အဖြူရောင်ကား ၁ စီးပေါ်ကနေ ဗုံးပစ်ချသွားလို့ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးမှာ ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရ အရပ်သားပြည်သူတွေကို ပရဟိတလူမှုကူညီရေးအဖွဲ့က ဆေးရုံကို ပို့ပေးပြီး ဆိုင်ကယ်စီး လက်နက်ကိုင် ၂ ဦးကိုတော့ စစ်တပ်နဲ့ ရဲတွေ လာသယ်သွားတယ်လို့ ဆိုပါတယ်။
ဖောက်ခွဲမှု ကျူးလွန်သူတွေဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာတော့ မသိရဘဲ ဒေသခံ တချို့ကတော့ SSPP အဖွဲ့ကပဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။
မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ ခုရက်ပိုင်းအတွင်း SSPP/SSA ဘက်က လူသစ် စုဆောင်းတာ၊ RCSS အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးမှုတွေရှိနေရာက အဖမ်းခံရသူ လူငယ်ခေါင်းဆောင် ၁ ဦး သေဆုံးသွားတာတွေကြောင့် ပြည်သူတွေကြား မကျေနပ်မှုတွေ မြင့်တက်နေပြီး ခုလို လမ်းပေါ်ထွက် ဆန္ဒပြတဲ့ထိဖြစ်လာရတယ်လို့ ဒေသခံတွေက ပြောသွားပါတယ်။