Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်းကျန်းမာနေမှဖြစ်မည်ဟု NLD နာယက ဦးဝင်းထိန် ပြော
DVB
·
June 25, 2021
197294415_4262008003856659_5815584983154386199_n

ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်းကျန်းမာနေမှဖြစ်မယ်လို့ NLD နာယက ဦးဝင်းထိန်က ဇွန်လ ၂၅ ရက်နေ့ရုံးချိန်းမှာ ပြောဆိုခဲ့ပါတယ်။ 

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က) နဲ့ တရားစွဲခံထားရတဲ့ NLD နာယက ဦးဝင်းထိန်က ဇွန်လ ၂၅ ရက်နေ့ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ရဲ့ကျန်းမာရေး အခြေအနေတွေကို သူ့ရဲ့ရှေ့နေကိုမေးမြန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အမြဲကျန်းမာနေမှ ဖြစ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ သူကိုယ်တိုင်လည်း လက်ရှိအခြေအနေထက် ကျန်းမာရေးကောင်းဖို့ လိုအပ်နေသေးတယ်လို့ ဦးဝင်းထိန်က သူ့ရဲ့ရှေ့နေကို ပြောဆိုခဲ့ပါတယ်။

"အဓိကမေးတာကတော့ အမေ့ကျန်းမာရေးကို မေးပါတယ်။ အမေကျန်းမာနေတာကို ကြားရတဲ့အတွက် စိတ်ချမ်းသာတဲ့ အကြောင်းတော့ပြောပါတယ်။ သမ္မတတို့ ကျန်းမာရေးကိုလည်း မေးပါတယ်။ အမေအမြဲတမ်း ကျန်းမာနေမှဖြစ်မယ်ဆိုတဲ့ အတိုင်းအတာကိုလည်း ပြောပါတယ်" လို့ ဦးဝင်းထိန်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ 

ဦးဝင်းထိန်အမှုကို ဇွန်လ ၂၅ ရက်နေ့မှာရုံးချိန်းခေါ်ခဲ့ပြီး တရားလိုပြသက်သေ ဦးနိုင်ဦးကို  စစ်ကောင်စီတရားရုံးက စစ်ဆေးခဲ့ပါတယ်။ ဇွန်လ ၁၁ ရက်နေ့ရုံးချိန်းတုန်းက ဦးဝင်းထိန်ရဲ့ ရှေ့နေက ကန့်ကွက်ပေမယ့် တရားလိုတင်သွင်းတဲ့ သက်သေတွေကိုလက်ခံကြောင်း နေပြည်တော် အချုပ်ထောင်သီးသန့်တရားရုံးက ကြားဖြတ်အမိန့်ချခဲ့ပါတယ်။ 

လက်ရှိ အချိန်အထိ တရားလို နဲ့ တရားလိုပြသက်သေတွေကို စစ်ဆေးနေတုန်းဖြစ်တဲ့ အတွက် အမှုသွားအမှုလာကို မှတ်ချက်ပေးလို့မရသေးဘူးလို့ ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။  အမှုနဲ့ ပတ်သက်ပြီး ဦးဝင်းထိန်နဲ့ သီးခြားတွေ့ဆုံခွင့်တော့မရ သေးဘဲ တရားခွင်ထဲမှာပဲ ဆွေးနွေးခွင့်ရတယ်လို့ ဆိုပါတယ်။

"သီးသန့်တနေရာမှာ တွေ့ဆုံခွင့်ရတာတော့ မဟုတ်ဘူး။ တရားခွင်ထဲမှာပဲ တွေ့ခွင့်ရပါတယ်။ သီးခြားတွေ့ဆုံခွင့်တော့မဟုတ်ဘူး။ ဒါပေမယ့် လွတ်လွတ်လပ်လပ်တော့ ပြောခွင့်ရပါတယ်။ စောင့်ကြည့်တဲ့သူတွေက ခပ်လှမ်းလှမ်းကပဲနေပါတယ်" လို့ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။

ဦးဝင်းထိန်အမှုအတွက် ဇူလိုင် ၂ ရက်နေ့ ရုံးချိန်းပြန်ခေါ်ထားပြီး စစ်ဆေးဖို့ကျန်နေတဲ့ တရားလိုပြသက်သေတစ်ဦးကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။ ဦးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ရက် နေ့က တရားစွဲဆိုခဲ့တာပါ။ 

တရားလိုရဲ့စွပ်စွဲချက်မှာတော့ ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ရက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင်ပြောဆိုပြီး သူ့ရဲ့ပြည်သူတွေဆီကိုပေးတဲ့ ပန်ကြားစာ အရ တရားစွဲတာလို့ ဖော်ပြပါတယ်။ 

ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဟာ ပြစ်မှု ထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024