Home
မြန်မာသတင်း
နမ္မတူမြို့နယ်၌ ရွာသူကြီး ၁ ဦးနှင့် ရွာသား ၂ ဦးကို TNLA တပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွား
DVB
·
June 24, 2021
204277777_595822451413563_2273077636712776572_n

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စုထဲမှာ ဇွန်လ ၂၃ ရက် မနေ့ညက ရွာသူကြီး ၁ ဦးနဲ့ ရွာသား ၂ ဦးတို့ကို TNLA  ပလောင်တပ်ဖွဲ့က လာရောက်ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  သက်ဆိုင်ရာဆွေမျိုးနီးစပ်သူက  ပြောပါတယ်။ 

ပန်လုံကျေးရွာအုပ်စု နားခိုလျံကျေးရွာက သူကြီးဖြစ်သူ ဦးစိုင်းလူး၊ ရွာသား စိုင်းအိုက်မုန့်နဲ့ နားစဖော့ရွာသား စိုင်းကျော်လူတို့ ၃ ဦးဟာ မနေ့ည ၈ နာရီခွဲအချိန်က ခေါက်ဆွဲ ဆိုင်ဖွင့်ထားတဲ့ ဦးစိုင်းလူးတို့အိမ်မှာ အိမ်ထောင်စုစာရင်းတွေ ပြုစုနေစဉ် TNLA တပ်ဖွဲ့ဝင် ၇ ယောက်လောက်  ကားနဲ့ရောက်လာပြီး သူတို့ ၃ ဦးကို ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ ဆွေမျိုးနီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့က ဆိုင်ထဲဝင်လာပြီး အကျိုးအကြောင်းဘာမှမပြောဘဲ သေနတ်နဲ့ချိန်တယ်။ သူကြီးက ဘာဖြစ်လို့လဲလို့မေးတာကို မမေးနဲ့ဆိုပြီး ပါးရိုက်တယ်။ အိုက်မုန့်က ငါလည်း ပလောင်လူမျိုးပဲလေလို့ ပြန်ပြောတော့ ဘာပလောင်လဲဆိုပြီး နားရင်းအုပ်တယ်။ ၃ ယောက်လုံးကိုပါးရိုက်နားရိုက်လုပ်ပြီး လက်ထိပ်ခတ်ခေါ်သွားတာ၊ သူတို့တယ်လီဖုန်းတွေကိုလည်း အကုန်သိမ်း၊ အိုက်မုန့်နဲ့ ကျောက်လူတို့ရဲ့ ဆိုင်ကယ်တွေပါ ယူသွားတယ်”။

 ဘာကြောင့်ရိုက်နှက်ဖမ်းဆီးတာလည်းမသိရသလို  ဘယ်နေရာခေါ်သွားမှန်းမသိလို့  သက်ဆိုင်ရာမိသားစုဝင်တွေ စိုးရိမ်ပူပန်နေရကြောင်းနဲ့ ပန်လုံကျေးရွာအုပ်ချုပ်ရေးမှူးထံ အကူအညီတောင်းထားတယ်လို့ ဆိုပါတယ်။ 

ပန်လုံကျေးရွာအုပ်စုထဲမှာ  TNLA တပ်ဖွဲ့က တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်း ကောက်ခံစစ်ဆေးနေပြီး အိမ်ထောင်စုဇယားမရှိသူတွေလည်း အမည်စာရင်းတွေစုပြီး တင်ပြရတယ်လို့ ရွာသားတွေက ပြောပါတယ်။ 

နမ္မတူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ်လကုန်ကစ TNLA နဲ့ SSPP ပါ တပ်ပေါင်းစုကတစ်ဘက် RCSS က တစ်ဘက် တိုက်ပွဲတွေဖြစ်ပြီး  မန်လီ ၊ ပန်လုံ ၊ ရေအိုး ၊ မန့်ဆာ ရွာထဲက အိမ်ခြေ ၁၀၀ ကျော် လက်နက်ကြီးထိမှန်မီးလောင်သွားခဲ့ပါတယ်။

တိုက်ပွဲကြောင့် ရွာသားပေါင်းထောင်နဲ့ချီ စစ်ပြေးတိမ်းရှောင်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကမှ အခြေအနေပြန်ငြိမ်သွားလို့ အိမ်ကိုပြန်ခဲ့ပါတယ်။  တိုက်ပွဲတွေကြားမှာ ရွာသား တချို့လည်း  နှစ်ဘက်တပ်ရဲ့ ဖမ်းဆီးစစ်ဆေးတာ ခံခဲ့ရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024