ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရေတပ်က တရားမဝင်ငါးဖမ်းရေယာဉ်တွေထံကနေ ငွေကြေးတောင်းယူပြီး ငါးဖမ်းခွင့်ပေးနေတယ်လို့ ဒေသခံ ရေလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
ဘိုကလေးမြို့နယ်အတွင်းက ကဒုံကနိကျေးရွာနဲ့ အေရာကျေးရွာတွေမှာရှိတဲ့ တရားဝင်လိုင်စင်နဲ့ ငါးဖမ်းရေယာဉ်တွေကို လုပ်ငန်းရပ်နားခိုင်းထားပြီး တရားမဝင်လိုင်စင်မဲ့ ငါးဖမ်းရေယာဉ်တွေကို ငွေကြေးတောင်းယူပြီး ငါးဖမ်းခွင့်ပေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။
" ပိုက်ဆံတောင်းပြီးတော့ သူတို့နဲ့အဆင်ပြေရင် ပေးထွက်ခိုင်းတာ။ တရားဝင် လိုင်စင်နဲ့လုပ်နေတဲ့ သူတွေကို နားခိုင်းထားတယ်။ သူတို့နဲ့ အဆင်ပြေရင် ပိုက်ဆံတောင်းပြီး လွှတ်ပေးတာမျိုးလုပ်နေတာ ရေတပ်က''လို့ ရေလုပ်ငန်းလုပ်သူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရေတပ်က တရားမဝင်ငါး ဖမ်းစက်လှေ ၂၂ စီးကို ငွေးကြေးတောင်းယူပြီး ငါးဖမ်းခွင့်ပြုထားတာရှိတယ်လို့ ဆိုပါတယ်။
တရားဝင်လိုင်စင်နဲ့လုပ်ကိုင်ခွင့်ရရှိထားတဲ့ ငါးဖမ်းစက်လှေ ၂၆ စီးကိုတော့ ရေတပ်က မေလ ၁ ရက်နေ့ကစတင်ကာ ပင်လယ်ပြင်ထွက် ငါးဖမ်းခွင့်ပိတ်ထားခဲ့တာလို့ သိရပါတယ်။