တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ပင်လယ်ဒေသတချို့မှာ အာဏာဖီဆန် CDM လုပ်ထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို စစ်ကောင်စီရေတပ်က လိုက်လံဖမ်းဆီးဖို့ ရှာဖွေနေတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
အခုရက်ပိုင်းအတွင်း ကျွန်းစုမြို့နယ် ပင်လယ်ဒေသတွေမှာ စစ်ကောင်စီရေတပ်က စစ်သားတွေနဲ့ သူတို့လက်အောက်ခံ လူတချို့ကနေပြီး CDM ကျောင်းဆရာ၊ ဆရာမတွေကို ဖမ်းဆီးမလို့ဆိုပြီး လိုက်လံမေးမြန်းနေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူတို့ရေတပ်က စစ်သားတွေနဲ့ ပါလာတဲ့ အုပ်ချုပ်ရေးပိုင်းထဲက လူတယောက်က လိုက်မေးနေတယ်။ ဒီရွာတွေမှာ CDM လုပ်ထားတဲ့သူ ရှိမရှိပေါ့။ တကယ်လို့ ရှိတယ်ဆိုရင် ရေတပ်ကနေ ဖမ်းဖို့ရှိတယ်လို့ ပြောတယ်တဲ့။ အနီးအနားက ရွာတွေကိုလည်း ရေတပ်က စစ်သားတွေ ဝင်ပြီးစစ်ဆေးတာတွေ လုပ်နေတယ်” လို့ ကျေးရွာနေ ဒေသခံတဦးက ပြောပါတယ်။
အရင်ကတည်းက ကျွန်းစုမြို့နယ်ထဲရှိ ပင်လယ်ဒေသ အနီးတဝိုက်မှာ စစ်ကောင်စီရေတပ် အခြေချထားပြီး ဒေသခံတွေရဲ့ ရေလုပ်ငန်းတချို့ကို လက်ဝါးကြီးအုပ် ခြယ်လှယ်တာတွေရှိတယ်လို့ သိရပါတယ်။
ပင်လယ်ရေလုပ်ငန်း လုပ်ကိုင်သူတဦးက “ရေတပ်က ဒီပင်လယ်ပိုင်းဒေသတွေနားမှာ ရှိနေတာကြာပြီ။ ပင်လယ်ရေလုပ်ငန်းတွေမှာ လုပ်ငန်းရှင်တွေနဲ့ လက်ဝါးကြီး အုပ်ထားတာတွေရှိတယ်။ ဂျင်းကန်လုပ်ငန်းတွေမှာဆို သူတို့ရေတပ်က ခြယ်လှယ်ထားတာတွေရှိတယ်။ ရွာတွေဝင်ပြီး ဒေသခံတွေဆီက ပိုက်ဆံတောင်းတာတွေပါ ရှိနေသေးတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရေတပ်က သူတို့ဂျင်းကန်အနီး ဂျင်းခရုလာကောက်တဲ့ ပင်လယ်ရေလုပ်သားတချို့ကို သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။
အခုလိုမျိုး စစ်ကောင်စီရေတပ်က ကျေးရွာတွေထဲ ဝင်ရောက်စစ်ဆေးမေးမြန်းနေလို့ ကျေးရွာနေ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ သိရပါတယ်။