Home
မြန်မာသတင်း
စစ်တွေထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို စစ်ကောင်စီရေတပ်သင်္ဘောဖြင့် နေရပ်ပြန်ပို့
DVB
·
April 24, 2024
change 2442024

ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေမြို့ အကျဉ်းထောင်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအယောက် ၁၇၀ ကျော်ကို ဧပြီ ၂၃ ရက်က နေရပ်ပြန်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ရေတပ် ချင်းတွင်း သင်္ဘောနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီးတော့ ဒီကနေ့ ရောက်ရှိမှာဖြစ်ကာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်သွားမယ်လို့ ဆိုပါတယ်။

အဲဒီ ၁၇၃ ယောက်ထဲမှာ ၁၂၉ ယောက်ကတော့ ကော့ဇ်ဘဇားခရိုင်ကဖြစ်ပြီး ဘန်ဒါဘန်ခရိုင်က အယောက် ၃၀၊ ရန်ဂါမတီခရိုင်က ၇ ယောက်၊ ကျန်တဲ့ ခါဂရာချရီ၊ နိုခါလီ၊ နာရာရန်ဂန်ဂျ်၊ စစ်တကောင်း၊ ရာဂျ်ဘာရီ၊ နာရှင်ဒီနဲ့ နီလ်ဖာမာရီခရိုင်တွေက တယောက်စီ ပါဝင်တယ်လို့ သိရပါတယ်။

ခုအစီအစဉ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲ ထွက်ပြေးသွားတဲ့ရောက်ရှိနေတဲ့ မြန်မာစစ်ကောင်စီ လုံ ခြုံရေးတပ်ဖွဲ့ဝင် ၂၈၅ ယောက်ကို  ပြန်လည်ခေါ်ယူသွားမယ်လို့ BSS News သတင်းမှာ ဖော်ပြပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင် စီတပ် လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄၆ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထပ်မံ ထွက်ပြေးလာခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်မှာ ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ နယ်ခြားစောင့် ရဲ၊ စစ်သား၊ အကောက်ခွန် အရာရှိတွေ၊ အစိုးရအရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင်အယောက် ၃၃၀ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က နေရပ်ပြန်လည် ပို့ဆောင်ပေးခဲ့ပြီးနောက် ဒုတိယ အဆင့်အနေနဲ့ ပြန်လည်ပို့ဆောင်နိုင်ဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မာမွတ်ဒ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ကျန်ရှိနေတဲ့ မြန်မာစစ်ကောင်စီတပ်တွေကို ပြန်ပို့ဖို့ အစိုးရက လုပ်ဆောင်နေတယ်လို့ မြို့တော် ဒါကာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပြီး ရေလမ်းကြောင်းကတဆင့် ပြန်လည်ပို့ဆောင်ပေးဖို့ မြန်မာနိုင်ငံဘက်က အဆိုပြုထားတယ်လို့ ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်ထဲကို အခုနှစ် ဖေဖော်ဝါရီလအစောပိုင်းက စတင်ပြီးတော့ ထွက်ပြေးလာနေခဲ့ကြတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသမှာတော့ မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းနီးပါးကို လက်ခံခိုလှုံခွင့် ပေးထားတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ နယ်စပ်တလျှောက် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းကို လက်နက်ကြီးနဲ့ ကျည်တွေ ကျရောက်ခဲ့ပြီး ကျည်ထိမှန်ထိခိုက်တာမျိုးတွေ ရှိခဲ့သလို ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင်တွေကိုလည်း နယ်စပ်မှာ ဖြန့်ကြက်တပ်စွဲထားဖို့ တပ်လှန့် ထားတာတွေလည်း ရှိနေပါတယ်။

Source-BSS News 

Photo Credit- Bangladesh Embassy

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013