ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီးက စုပေါင်းဂိတ်မှာ ဇွန်လ ၂၃ ရက်ညက ပစ်ခတ်မှု ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရကြပါတယ်။
ဗလမင်းထင်တံတားအနီး စုပေါင်းဂိတ်မှာ မနေ့ည ၈ နာရီလောက်ကတည်းက သေနတ်သံနဲ့လက်နက်ကြီးသံတွေ အဆက်မပြတ်ကြားနေရပြီး ပစ်ခတ်မှုဖြစ်ပွားနေတဲ့အတွက် မိုင်းနားဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ပြောပါတယ်။
“လက်နက်ကြီးသံနဲ့ သေနတ်သံတွေတော့ အချက် ၂၀ ကျော်လောက် အိမ်ကနေကြားနေရတယ်။ ရိက္ခာထုတ်ပြင်ထားပြီ ကြောက်လို့သားအမိနှစ်ယောက် မီးအမှောင်ချပြီး ငုတ်တုတ်ထိုင်နေရတယ်” လို့မိုင်းနားဒေသခံ အမျိုးသမီးတစ်ယောက်ကပြောပါတယ်။
ကေအိုင်အေကတိုက်ခိုက်ခဲ့တာလို့သတင်းတွေထွက်နေပေမဲ့ ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာကို အတည်ပြုနိုင်ခြင်းမရှိသေးသလို ထိခိုက် ဒဏ်ရာရသူ အခြေအနေကိုလည်း သိရသေးပါဘူး။
ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ထဲမှာတော့ ရဟတ်ယာဉ်တွေနဲ့ ည ၉ နာရီကျော် အထိ လှည့်ပတ်နေပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ တင့်ကားတွေ၊ စစ်ကားတွေ ဗလမင်းထင်တံတားဘက်ကို သွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်လောက်ကလည်း ရဲနဲ့စစ်သားတွေက ဗလမင်းထင်တံတားမှာ ဖြတ်သန်းသွားလာတဲ့ကားတွေကို ကားအမျိုးအစားနဲ့ ကားပေါ်ပါလာသူအမျိုးသားတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။