ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပန်းလှိုင်အနီးရှိ ဒိုင်စုကျေးရွာမှာ ဇွန် ၂၀ ရက် ည ၁၀ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး တစ်ရွာလုံးရှာဖွေကာ လူ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
ရွာခံတစ်ဦးက "ည ၁၀ နာရီလောက်က စပြီးဝင်လာတယ်။ လမ်းမှာရပ်ထားတဲ့ ကားတွေ တွန်းလှည်းတွေတောင် သူတို့ကားနဲ့ မလွတ်လို့ အော်ဟစ်ဆဲဆို ဖယ်ခိုင်းတယ်။ ည ၁၂ နာရီခွဲလောက်မှ ငြိမ်သွားတာ။ ဒါပေမဲ့ ဘယ်သူမှ အသံမထွက်ရဲကြဘူး။ သူတို့အသံတွေပဲ ကြားနေရတာ၊ မနက်ရောက်မှ အနီးအနား မေးကြည့်တော့ ဖမ်းသွားတာမနည်းဘူး၊ ၁၀ ဦး ကျော်မယ်၊ ရပ်ကွက်လူကြီး၊ ဆယ်အိမ်မှူးတွေတောင် ပါသွားတယ်။ လာဖမ်းတာ အင်အားအတော်များတယ်။ လက်ရှိထိတော့ ဘယ်ကိုဖမ်းသွားလဲ မသိသေးဘူး။ ဒီနားမှာက စစ်ကြောရေးရှိတော့ အဲဒီပဲခေါ်သွားမယ်ထင်တယ်” လို့ ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးချိန်မှစပြီး ပုံစံမျိုးစုံနဲ့ ဖမ်းဆီးတာတွေ စဉ်ဆက်မပျက် ဖြစ်ပေါ်နေတာပါ။