ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းပြီးဖြစ်ကြောင်း ဇွန် ၁၈ ရက်နေ့က ကြေညာပါတယ်။
ဗန်းမော်ခရိုင်အတွင်းရှိ တရားမျှတမှုကို လိုလားတဲ့ ပြည်သူလူထုဒေသခံတွေကို အနာတရထိခိုက်အောင်၊ ခြိမ်းခြောက်အကြပ်ကိုင်တာ၊ အကြမ်းဖက်တာမျိုး မပြုလုပ်ဘဲ ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကို အဓိကထားဖွဲ့စည်းထားတာ ဖြစ်တယ်လို့ ဗန်းမော် PDF ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗန်းမော်ခရိုင်အတွင်း စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရင်း ဆန္ဒထုတ်ဖော်သူတွေ၊ လူသိများ ထင်ရှားသူတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ NLD အလုပ်အမှုဆောင်တွေ၊ PDF လို့ သံသယရှိသူတွေကို အကြမ်းဖက်စစ်ကောင်စီဝင်တွေက အချိန်မရွေး လိုက်လံရှာဖွေနေပြီး ဖမ်းဆီးခံရသူ လူဦးရေ ၁၀၀ နီးပါး ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။