မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို ဇွန် ၁၅ ရက် ညနေပိုင်း က အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တာကြောင့် တရွာလုံး မီးလောင်ကျွမ်းခဲ့ပြီးတော့ အမျိုးသားတစ်ယောက် သေနတ်ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။
စစ်တပ်က သေနတ်တွေနဲ့ ဆက်တိုက်ပစ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေတဲ့အချိန် တရွာလုံးပြာကျအောင် မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ကင်းမရွာသား တယောက်က ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေကိုလည်း စစ်တပ်က ရမ်းကားပြီး ပစ်လိုက်တဲ့အတွက် အမျိုးသားတစ်ယောက် ပေါင်မှာ သေနတ်ဒဏ်ရာရရှိခဲ့ပြီးတော့ ဆေးရုံပို့ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ကင်းမရွာမှာ အိမ်ခြေ ၂၄၀ ရှိပြီးတော့ ရွာမှာ ကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုတချို့ မီးလောင်ပြီး အသက်ဆုံးရှုံးတယ်လို့ သတင်းတွေထွက်နေပေမယ့် ဘေးလွတ်ရာမှာ တိမ်းရှောင်နေရတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
ဘေးလွတ်ရာမှာ တိမ်းရှောင်နေရတဲ့ရွာသားတွေဟာ စားနပ်ရိက္ခာ မလုံလောက်လို့ မျှဝေ စားသောက်နေရကာ ရိက္ခာတရက်စာပဲ ရှိတာကြောင့် စားရေးသောက်ရေး အခက်အခဲ ဖြစ်နေပါတယ်။