စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက နိုင်ငံရေးအင်အားစုတွေ၊ အကြမ်းဖက်စစ်အုပ်စုကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်နေကြတဲ့ အင်အားစုတွေ စုစည်းပြီး ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pale People’s Defense Force (PPDF)ကို ဖွဲ့စည်းလိုက်ပါတယ်။
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့၊ အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့တကွ သူတို့ရဲ့ ထောက်တိုင်တွေကို ဖြိုခွင်းဖျက်ဆီးပစ်နိုင်ဖို့ ရည်ရွယ်တယ်လို့ PPDF က ဇွန်လ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးတော့ ပြည်သူလူထုကို ကာကွယ်ပေးဖို့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီစဉ်ညွှန်ကြားမှုနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး အကြမ်းဖက် စစ်အုပ်စုကို ထိရောက်ပြင်းထန်တဲ့ ထိုးစစ်တွေ ဆင်နွှဲနိုင်ဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။