မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို ဇွန်လ ၁၅ ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေနတ်ပစ်သံတွေ ဆက်တိုက်ကြားရလို့ ဒေသခံရွာသားတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေတဲ့ အချိန် ညနေ ၃ နာရီလောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ပြီး ရွာမီးရှို့နေတာဖြစ်တယ်လို့ ကင်းမရွာသားတစ်ယောက်က ပြောပါတယ်။
ကင်းမကျေးရွာမှာ အိမ်ခြေ ၂၄၀ ရှိပြီးတော့ နေအိမ်ဘယ် နှစ်လုံး မီးလောင်ကျွမ်း သွားတယ်ဆိုတာကိုတော့ ဘေးလွတ်ရာမှာ တိမ်းရှောင်နေရတာကြောင့် အတည်မပြုနိုင်သေးဘူး လို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်တာလား သူတို့ဟာသူတို့ ပစ်တာလားတော့ မသိဘူး။ သေနတ်သံတွေ ဆက်တိုက်ကြားရပြီးတော့ ရွာဘက်က မီးခိုးလုံးတွေတက်လာတာ တွေ့ရတယ်။ ရွာမှာ မပြေးနိုင်မလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ကျန်နေခဲ့တယ်” လို့ ရွာသားတစ်ယောက်က ပြော ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ နေ့လယ်ပိုင်းကတည်းက အင်အားအများအပြားနဲ့ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို ဝင်မွှေနေတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။