စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ နေအိမ်အနီး လမ်းပေါ်မှာ ဇွန်လ ၁၄ ရက်ညက ဗုံး နှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
မနေ့ည ၉ နာရီခွဲလောက်က အမရပူရမြို့၊ အိုးတော်ရပ်ကွက်က နေအိမ်အနီး ဗုံး ၂ လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အသံဗုံးလို့ ယူဆကြောင်း အမရပူရမြို့နေသူတွေက ပြောပါတယ်။ အဆိုပါဗုံးတွေကို Alphard ကားနဲ့ လာချသွားတယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။
ဗုံး ၂ လုံးဆင့် ပေါက်ကွဲမှုဖြစ်ခဲ့ကာ လက်ရှိနေအိမ်မှာ လူမနေတဲ့အတွက် ထိခိုက် ပျက်စီးတာမရှိဘူးလို့ သိရပါတယ်။
ဇွန်လ ၁၃ ရက် ညကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရုံးရှေ့က အောင်နိုင်ရေး ဆိုင်းဘုတ်ဖျက်ဆီး ခံခဲ့ရပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကတော့ အိုးဘိုထောင်အတွင်းမှာ တရား ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားအမည်ခံ စစ်တပ်ထောက်ခံသူတွေက လက်နက်ကိုင်ဆောင်ခွင့်တောင်းဆိုခဲ့သလို စစ်ကောင်စီ ပြောခွင့်ရသူကလည်း လိုအပ်ရင် လက်နက်ကိုင်ဆောင်နိုင်တယ်လို့ ပြောဆိုခဲ့ပြီးနောက်မှာ ခုလို အန်အယ်လ်ဒီရုံးတွေ၊ အိမ်တွေကို ပစ်မှတ်ထား စတင်တိုက်ခိုက်လာတာဖြစ်ပါတယ်။