မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို တရားစွဲထားတဲ့အမှုကို အိုးဘိုထောင်တွင်းတရားရုံးမှာ ဇွန်လ ၁၄ ရက်က ရုံးထုတ်ရာမှာ စစ်ကောင်စီရဲ့ တရားလိုဘက်ကို စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့ ရုံးချိန်းမှာတော့ သူတို့ တရားလိုကို စ စစ်တယ်ပေါ့။ ရုံးချိန်းက တစ်ပတ်ကို နှစ်ချိန်းဖြစ်သွားပြီ။ နှစ်ချိန်းကို တောက်လျှောက် ဒီလကုန်ကို သူတို့ ဖြတ်မယ့်သဘောရှိတယ်"လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။
အိုးဘိုထောင်တွင်းကနေ တရားရင်ဆိုင်နေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် အမှုတွဲပါ ၅ ယောက်လုံးရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ လည်း သူတို့ရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
“ကျန်းမာရေး အခြေအနေတွေ ကောင်းကြတယ်။ ဆရာဇော်လည်း အခုပြန်ပြီးတော့ လန်းလာပြီ။ ထူထူထောင်ထောင်တော့ ရှိတယ်၊ အစောပိုင်းက ဆေးရုံတင်ထားရတာက ဦးစိုးသန်းနဲ့ ဦးဇာနည်အောင်၊ အခုနေကောင်းသွားပြီ၊ ဆရာဦးစိုးသန်းတို့ ဦးဇာနည်အောင်တို့က ဆီးချိုရှိကြတယ်။ ဟိုတလောက အရမ်းပူတာလေ။ သူတို့ကလည်း အချိုတွေဘာတွေ ရှောင်တာ များတဲ့ခါကျတော့ အရမ်းအားနည်းသွားဖြစ်သွားတာတဲ့။ အဲ့ဒါနဲ့ ဆေးရုံတင်လိုက်တာ။ ဒါလည်း ကောင်းသွားပါပြီ”လို့ ပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင်နဲ့အတူ ဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့ကြတဲ့ ဒေါက်တာစိုးသန်း၊ ဦးဇာနည်အောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း အတွင်းရေးမှူးဦးတင်ကိုကိုတို့ဟာ အမှုတွဲ တစ်ခုတည်း တရားရင်ဆိုင်နေကြရတာပါ။
ဒီနေ့ အိုးဘိုထောင်တွင်း ရုံးထုတ်ရာမှာ တရားရုံး မြင်ကွင်းနှစ်ဘက်လုံးကို နေပူခံ မိုးကာစတွေ ကာထားတဲ့အတွက် ခုံခုပြီးမှသာ မိသားစုဝင်တွေအလိုက် တလှည့်စီ နှုတ်ဆက်ရတယ်လို့လည်း သိရပါတယ်။