ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အဖွဲ့ဝင်လို့ သံသယရှိသူ အမျိုးသား ၆ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဇွန် ၁၂ ရက်က ဖမ်းဆီးခဲ့ပါတယ်။
သတင်းအတိအကျရတဲ့အတွက် ဘန့်ဘွေးကုန်းကျေးရွာအနီးက တောထဲကို စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ဘန်ဘွေးကုန်းတောထဲ တောနင်းရှာလို့ မိတာ။ သူတို့ ထုတ်ပြန်တာက တောထဲမှာ ၆ ယောက် မိတယ် ပြောတယ်။ ကျနော်တို့သိတာတော့ ၆ ယောက်စလုံး အတူတူ မိတာမဟုတ်ဘူး။ တပ်က ဖမ်းပြီးစစ်တဲ့နောက် အဖမ်းခံတဲ့သူတွေက ဖော်လို့ နောက်ဆက်တွဲတွေ ထပ်ဖမ်းတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြန်အောင် PDF နဲ့ပတ်သက်ပြီး စစ်တပ်က လူ ၈ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သတင်းထုတ်ပြန်ရာမှာ ၆ ဦးပဲ ဖော်ပြထားကာ ၂ ဦး ပျောက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီးရမိသူတွေကို တပ်အချုပ်ထဲမှာ ထိန်းသိမ်းစစ်ဆေးရာမှာ ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့သတင်းမှာတော့ PDF အဖွဲ့ဝင်လို့ ယူဆရသူတွေကို တောထဲမှာ ဝင်ရောက်ဖမ်းဆီးချိန် ပွိုင့် 22 ပစ္စတိုသေနတ် ၂ လက်၊ ဂက်စ်သေနတ် ၂ လက်၊ တူမီးပြောင်း ၇၉ ချောင်း၊ လက်လုပ်ဗုံး ပီနံအိတ်နဲ့ ၄ လုံး၊ ဆိုင်ကယ် ၄ စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။