ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံမြို့မှာ ဇွန်လ ၁၁ ရက် မနက်ပိုင်းက အရာရှိ ရိပ်သာထဲ ဗုံးပေါက်ကွဲခဲ့ ပါတယ်။
အမှတ် ၁၂ ရပ်ကွက်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းထဲရှိ ရွှေရတု အရာရှိရိပ်သာမှာ မနက် ၁၁ နာရီကျော်လောက်က ဗုံးပေါက်သံကြားရတာလို့ ဒေသခံတွေကပြောပါတယ်။
"အသံက တော်တော်ကျယ်တယ်။ မြေကြီးပါတုန်သွားတယ်။ ပန်းခြံနဲ့ ရွှေရတုအနောက်ကြားကနေပေါက်တာ။ ထိခိုက်ဒဏ်ရာရတာတော့ မသိဘူး။ စစ်သားတွေ အများကြီး ရောက်နေတယ်''လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ အရာရှိရိပ်သာကို မိနစ်ပိုင်းအတွင်းမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေရောက်လာပြီး စစ်ဆေးနေပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ အရာရှိရိပ်သာဟာ လုံခြုံရေးတင်းကျပ်ထားတဲ့ တရားရုံးနဲ့ မျက်စောင်းထိုးမှာ တည်ရှိတာဖြစ်ပြီး ရပ်ကွက်ထဲမှာတော့ သီးသန့်နေရာလိုမျိုးဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။