ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ဇွန်လ ၁၀ ရက် ညပိုင်း မြို့အထွေထွေအုပ်ချုပ်ရုံးအပါအဝင် နေရာ ၃ ခုမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။
ည ၈ နာရီခွဲလောက်ကစတင်ပြီး မြို့အုပ်ချုပ်ရေးမှူးရုံး၊ ဆေးရုံနဲ့ ဘဏ်ရှေ့မှာ ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"ကျနော်တို့သိရသလောက် ထွေအုပ်ရုံးရှေ့ စပေါက်တာ အသံ တော်တော်ကျယ်တယ်၊ အဲ့ဒါပြီးတော့ ဆေးရုံနဲ့ ဘဏ်ရှေ့ထပ်ပေါက်တယ်ကြားတာ။ အဲ့ ၂ ခု သေချာမသိရသေးဘူး''လို့ ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။
ဗုံးပေါက်ကွဲမှုတွေကြောင့် လူတွေထိခိုက်သေဆုံးမှု ရှိတဲ့သတင်းတော့ မကြားသိရပါဘူး။ ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေရောက်ရှိလာပြီး ဗုံးပေါက်တဲ့ နေရာနဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးနေပါတယ်။
ငါးသိုင်းချောင်းမြို့မှာ ဇွန်လ ပထမပတ်ကစတင်ကာ စာသင်ကျောင်းရှေ့ ဗုံးပေါက်ကွဲမှု တွေစတင်ဖြစ်လာခဲ့ပြီး ဒီညမှာ ၃ လုံးဆက်တိုက်ပေါက်ကွဲတာဖြစ်ပါတယ်။