ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ ဇွန် ၉ ရက် ဒီနေ့ မနက်က ဆိုင်ကယ်နဲ့ သွားလာတဲ့ ပြည်သူတွေကို လမ်းပြပုလိပ်တွေက သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဒီနေ့မွန်းတည့် ၁၂ နာရီလောက်က သမကုန်းမှတ်တိုင်နားမှာ မော်တော်ပီကယ် လမ်းပြပုလိပ်က ဆိုင်ကယ်ဖမ်းတာ သေနတ် ၂ ချက် ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့ပါတယ်။ သေနတ်ပစ်ခတ်မှုကြောင့် လူထိခိုက်မှုတော့ မရှိဘူး”လို့ ဒေသခံက ဆိုပါတယ်။
လှိုင်သာယာမှာ အခြေခံလူတန်းစားတွေ အများဆုံးစီးလေ့ရှိတဲ့ မော်တော်ဆိုင်ကယ်ကို နေရာအနှံ့အပြားမှာ အတင်းအကျပ် စစ်ဆေးဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူတွေ သွားလာ ရေးအခက်တွေ့နေတယ်လို့ သိရပါတယ်။