ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်ထဲမှာ ဇွန်လ ၈ ရက် ဒီကနေ့မနက်က တိုက်ပွဲမရှိပေမဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ရွာတွေဘက်ကိုပစ်ခတ်နေတာကြောင့် ရွာသားတွေ ဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။
ခလရ ၄၂၁ တပ်ကနေ မိုးဗြဲနဲ့ လွိုင်ကော်ကြားရှိ လွိုင်ယန်း မင်္ဂလာတောင်ခြေဘက်ကို လက်နက်နဲ့ လှမ်းထုနေတာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေ သေချာမသိရသေးပါဘူး။
ရွာသားတွေကတော့ အမျိုးသမီး ၂ ယောက် ကျည်ထိမှန်တယ်လို့ အကြောင်းကြားလာ တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီ ကို ပြောပါတယ်။
“ဒီကနေ့မနက်အစောကြီးကတည်းက ပစ်နေတာ၊ တိုက်ပွဲတော့မဟုတ်ဘူး၊ စစ်ကောင်စီ ဘက်က ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိမယ်လို့ ယူဆရတဲ့ နေရာတွေ ရမ်း သန်းပြီးပစ်နေတာ၊ အဲဒီမှာ နန်းဖဲတို့ လီဝိုးတို့ အဲလိုရွာတွေရှိတယ်၊ နန်းဖဲရွာမှာ အမျိုးသမီး ၂ ယောက်ခြေထောက်နဲ့ ဆီးခုံမှာထိသွားတယ်လို့ ရွာသား တွေက ပြောလာတယ်၊ ဒါပေမဲ့ ဖြစ်စဉ်အသေးစိတ်ကို တော့သိသေးဘူး”။
မိုးဗြဲမြို့ပေါ်မှာတော့ တမြို့လုံးနီးပါး စစ်ဘေးရှောင်နေရပြီး အကြမ်းဖက်စစ်တပ်က လူမနေတဲ့ အိမ်ထဲသော့ဖောက်ဝင်ရောက်နေထိုင်တာ၊ ပစ္စည်းတွေယူငင်တာမျိုးတွေ လုပ်နေ တယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်မှာလည်း စစ်တပ်က ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်နဲ့ တနန်းဥကွိုင်ရပ်ကွက်ဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ဆဲဖြစ်ပြီးရပ်ကွက်ထဲကလူတွေတော့ အကုန်စစ်ဘေးရှောင်ကုန်ပြီလို့ KNDFက ပြောပါတယ်။
ဒီးမော့ဆိုမြို့ထဲမှာ စစ်တပ်အင်အား ၁၀၀ ကျော်ရှိပြီး ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ဘက်က အင်အားဖြည့်ဝင်လာတဲ့ တပ်ဖွဲ့အင်အား ၄၀၀ ကျော်ဟာ သောက်ရေခပ်ရွာကိုရောက်ရှိပြီ မို့ ပြည်သူလူထုတွေသတိရှိဖို့ လုံခြုံရေးနဲ့ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ KNDF က နှိုးဆော်ထားပါတယ်။