စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ယဉ်ကျေးရွာမှာ ဇွန် ၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ ဒီပဲယင်း PDF က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဖွဲ့ဝင် ၇၀ လောက်က မနက် ၇ နာရီဝန်းကျင်ကစပြီး ကျေးရွာအတွင်းကို ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့ရာက တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး အခုနေ့လယ်အထိ နှစ်ဘက် အပြန်အလှန်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ လောက်လိုက်ပါတဲ့ ကား ၃ စီးပါ ယာဉ်တန်းဟာ ယဉ်ကျေးရွာအနီး လမ်းမပေါ်မှာ မိုင်းခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံးမရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီအကြမ်းဖက်တပ်တွေက တောကျောင်းကို မီးရှို့ခဲ့သလို ယဉ်ကျေးရွာ ဘုန်းကြီးကျောင်းကိုလည်း ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။