မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဇီးတောစံပြကျေးရွာမှာ ဇွန်လ ၇ ရက်နေ့ညက အခြေခံပညာ အလယ်တန်းကျောင်း မီးလောင်ခဲ့ပြီးနောက် စစ်တပ်ကရွာကို သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး ရွာမီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
ဇီးတောစံပြကျေးရွာမှာ ည ၉ နာရီလောက်က အ.လ.က စာသင်ကျောင်း မီးလောင်နေပြီးတော့ မီးသတ်ကားနှစ်စီး၊ ရဲကားတစ်စီး၊ စစ်ကား လေးစီးနဲ့ ရောက်လာပြီး အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၀၀ ကျော်လောက်နဲ့ ရွာကိုဝိုင်းထားတယ်လို့ ဇီးတောရွာက လူငယ်တစ်ယောက်က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွာထဲမှာ သေနတ်တွေ ဆက်တိုက်ပစ်ဖောက်ပြီးတော့ ရွာကို မီးရှို့ပစ်မယ်လို့ ကြိမ်းမောင်းနေပြီးတော့ အခု စာသင်ကျောင်း မီးလောင်မှုဟာ ဒလန် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ရွာသားတွေက ဆိုပါတယ်။
စစ်ကားတွေ ဝင်လာတာကြောင့် ဇီးတော စံပြကျေးရွာက ပြည်သူတွေဟာ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေဟာ ပြီးခဲ့တဲ့လကလည်း ရွာကို ၃ ကြိမ် ဝင်စီးခဲ့ပြီးတော့ ပြည်သူတွေရဲ့ နေအိမ်တွေ ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးသွားပါတယ်။