ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၃ ယောက်နဲ့ အရပ်သား ၂ ယောက်တို့ကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၅ ရက် ည ၉ နာရီဝန်းကျင်လောက်က ဖမ်းဆီးသွားပါတယ်။
အန်အယ်လ်ဒီ ခရိုင်အလုပ်အမှုဆောင် ဦးမြင့်သိန်း၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးချစ်ကို၊ မြို့နယ်အလုပ်အမှုဆောင် ဦးဒီဒေးဗစ်ကိုဖမ်းဆီးခဲ့တဲ့အပြင် ညောင်ပင်ရပ်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ်လူငယ် ကိုဝင်းနိုင်ဦးကို ရှာမတွေ့လို့ သူ့ရဲ့ ညီဖြစ်သူကို ဖမ်းဆီးသွားသလို မင်းကျောင်းကုန်းရပ်ကွက်နေ ဒေါ်ညွန့်ကြည်တို့ကိုလည်း ရဲနဲ့စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံမြို့ခံတွေက ပြောပါတယ်။
သူတို့ကို ဘာကြောင့် ဘယ်နေရာကို ဖမ်းဆီးသွားတယ်၊ ဘာပုဒ်မနဲ့ အရေးယူထားတယ်ဆိုတာ မသိရလို့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
အခုဇွန်လဆန်းအတွင်း ဗန်းမော်မြို့မှာ အန်အယ်လ်ဒီ ပါတီဝင်တွေ၊ မြို့နယ် အလုပ်အမှုဆောင်တွေကို ပစ်မှတ်ထားပြီး ညအချိန်သာမက နေ့ခင်းဘက်တွေမှာပါ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ဇွန်လ ၃ ရက်နေ့ကလည်း အန်အယ်လ်ဒီ အလုပ်အမှုဆောင် ဦးညီညီဖေတင်ကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကာ ဖမ်းဆီးခံထားရသူ တော်တော်များများကိုတော့ ရုံးထုတ်ပြစ်ဒဏ်ချမှတ်တာ မရှိသေးပါဘူး။