ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဒုတိယမြစ်ကျဉ်းအနီးက ဇင်းဘုံကျေးရွာက ပြည်သူတွေကို ကေအိုင်အေက အနည်းဆုံးကိုက် ၂၀၀ အပြင်သို့ ရွှေ့ပြောင်းပေးကြဖို့ အသိပေး အကြောင်းကြားထားတယ်လို့ ရွှေ့ပြောင်းလာတဲ့ဒေသခံတွေက ပြောပါတယ်။
ကေအိုင်အေက အခုလို ရွှေ့ခိုင်းနေပေမယ့် အကြမ်းဖက်စစ်ကောင်စီကတော့ လက်ရှိ ရွာထဲက လူတွေအပြင် ခရီးလွန်နေတဲ့ဒေသခံ ပြည်သူတွေကိုပါ ပြန်ခေါ်ဖို့ တိုက်တွန်းနေတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
“ရွှေ့ခိုင်းတာကတော့ ဒီနေ့မှ ပြောတာပါ။ ကျနော်တို့က တိမ်းရှောင်ခဲ့တာ ၃ ရက်လောက်ရှိပြီဗျ။ ကျနော်တို့ရွာက မြစ်ကမ်းဘေးနဲ့ မန္တလေး-ဗန်းမော် ဗျူဟာလမ်းမကြီးရဲ့ကြားမှာ ညပ်နေတာဆိုတော့ နှစ်ဘက် ပစ်ခတ်ရင် ရွာသားတွေက နေစရာမရှိလောက်အောင် ကြောက်နေရတာဗျ”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ခရီးလွန်နေတဲ့ဒေသခံတွေကို ရွာပြန်လာဖို့ ခေါ်ခိုင်းတာနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက “ဒါကတော့ ရိုးရှင်းပါတယ်။ ဒီရွာက တိုက်ပွဲမကြာခဏ ဖြစ်နေတဲ့ရွာလေ။ ပစ်ခတ်မှုတွေရှိတဲ့အခါ ဒေသခံတွေကို ထိခိုက်မှာစိုးလို့ ကေအိုင်အေက ပြောင်းရွှေ့ပေးဖို့ အကြောင်းကြားလာချိန်မှာ စစ်တပ်က ရွာမှာ ပြန်နေခိုင်းတယ်ဆိုတာက လူသားတံတိုင်းအဖြစ် အကာအကွယ်ယူချင်တာကလွဲလို့ ဘာရှိဦးမှာလဲဗျာ”လို့ ပြောပါတယ်။
လတ်တလော အကြမ်းဖက်စစ်ကောင်စီက စစ်သားတွေနဲ့ လက်နက်ရိက္ခာတွေ သယ်ဆောင်ရာမှာ ကုန်းလမ်းရော ရေလမ်းပါ ဇင်းဘုံကျေးရွာကို ဖြတ်သန်းရတာမို့ ကေအိုင်အေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ပွဲဖြစ်နေတာပါ။