မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့မှာ ဇွန်လ ၄ ရက်နေ့ညက အကြမ်းဖက်စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်လို့ LGBT တစ်ယောက်ကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သော်သော်(ခ)ကိုသော်ဇင်၊ ကိုနိုင်ဦးလွင်နဲ့ ကိုအောင်ထွန်းတို့ဟာ ည ၈ နာရီခွဲလောက်မှာ ဆိုင်ကယ်စီးပြီး အိမ်အပြန်လမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ဖြတ်မောင်းမိလို့ စစ်တပ်ကတာဆီးစဉ် ရပ်မပေးဘဲမောင်းပြေးတာကြောင့် သေနတ်နဲ့ဝိုင်းပစ်ခံရပေမဲ့ မထိမှန်ခဲ့ဘူးလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
အဲဒီနောက်ပိုင်း မြို့မစျေးနားက အင်းဝဘဏ်မှာစောင့်နေတဲ့ တပ်သားတစ်ယောက်က ပစ်ခတ်လိုက်တဲ့အချိန်မှာ အလယ်မှာ စီးနင်းလိုက်ပါလာတဲ့ အောင်မင်္ဂလာရပ်ကွက်နေ LGBT သော်သော်(ခ)ကိုသော်ဇင်ရဲ့ ဝမ်းဗိုက်ကို ကျည်ဆန်ထိမှန်ပြီးကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျန်တဲ့ နှစ်ယောက်ကတော့ စျေးအနောက်ဘက်က အိမ်တစ်အိမ်မှာ ဝင်ပုန်းနေတာကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေက ရှိတဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့ အော်ဟစ်ဆဲဆိုကာ တံခါးတွေကို အတင်းဖွင့်ခိုင်းတာကြောင့်ဖမ်းမိသွားတယ်လို့ ပြောပါတယ်။ ကိုသော်ဇင်ရဲ့ အလောင်းကိုတော့ ဇွန်လ ၅ ရက် ဒီမနက်အစောပိုင်းမှာဘဲ သင်္ဂြိုဟ်ခဲ့ ပါတယ်။