ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် ၁၁ နယ်မြေ ၄ ရှိ ခြံဝင်းတစ်ခုထဲမှာ ဇွန်လ ၄ ရက် ဒီကနေ့မနက် ၃ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂ လုံး မီးလောင်သွားသလို အဘိုးအဘွား ဇနီးမောင်နှံလည်း သေဆုံးသွား ပါတယ်။
မီးလောင်ကြောင်းသတင်းကြားသိတာနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်ကူညီ ငြှိမ်းသတ်ခဲ့ရာမှာ မနက် ၄ နာရီခွဲလောက်မှာ မီးငြိမ်းသွားပေမယ့် ဝင်းထဲက နေအိမ် ၂ လုံးစလုံး လောင်ကျွမ်းသွားသလို အသက် ၆၀ ကျော် အဘိုးအဘွား နှစ်ယောက် ဆုံးသွားတယ်လို့ လားရှိုးပရဟိတအဖွဲ့ တဖွဲ့မှ အဖွဲ့ဝင် ၁ ဦး က ဒီဗွီဘီကို ပြောပါတယ်။
“မီးသတ်ကား ၆ စီး အရန် မီးသတ်တွေရော ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပါ အင်အား ၃၀ ကျော်နဲ့ သွားငြှိမ်းကြတယ်။ သူက မြို့ပြင်ဘက်ကျတော့ ကျနော်တို့ရောက်သွားချိန်မှာ ၅၀ ရာခိုင်နှုန်း လောက် လောင်ပြီးနေပြီ၊ အရှိန်လည်းတော်တော်ပြင်းပါတယ်။ အဘိုးအဘွားက မီးလောင်ဒဏ်ရာ တွေနဲ့ သေဆုံးနေပြီ၊ မီးက မနက် ၄ နာရီခွဲလောက်မှာ ငြိမ်းသွားပါတယ်၊ အထဲက ဘာပစ္စည်းမှ မရလိုက်ဘူး၊ ဘာကြောင့်လောင်ရသလဲဆိုတာလည်း မသိသေးပါဘူးခင်ဗျ။”
မီးလောင်သွားတဲ့နေအိမ်မှာ ခြံဝင်းတစ်ခုထဲရှိ နှစ်ထပ်ပျဉ်ထောင်အိမ်နဲ့ ထရံကပ်အိမ်တို့ ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကိုတော့ သက်ဆိုင်ရာကတွက်ချက်နေပါတယ်။ မီးလောင်မှုကြောင့် ကျန်မိသားစုဝင် ၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားကြပါတယ်။