ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းက ကျေးရွာတွေမှာ SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ RCSS/SSA တပ်တွေအကြား မေလအတွင်း တိုက်ပွဲကြောင့် ကျေးရွာ ၅ ရွာက လူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့ပါတယ်။
အဲ့ဒီလူနေအိမ်တွေကို ပြန်ဆောက်ဖို့နဲ့ နေ့စဉ် စားဝတ်နေရေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ နေအိမ်ပျက်ဆီးဆုံးရှုံးခဲ့တဲ့ ရွာသားတွေကပြောပါတယ်။
တိုက်ပွဲအတွင်း မန်လီ၊ ပန်လုံ၊ မန်ဆာ၊ မန်ကျန်နဲ့ ရေအိုးကျေးရွာတွေက နေအိမ်အဆောက်အဦ ၁၀၀ ကျော်ပျက်စီးခဲ့တဲ့အပြင် တိုက်ပွဲ ရက်ရှည်ဖြစ်ပွားခဲ့တာကြောင့် အခု စိုက်ပျိုးရာသီချိန်မှာ သီးနှံတွေ မစိုက်ပျိုးခဲ့ရလို့လည်း ဝမ်းစာဖူလုံဖို့အတွက် အခက်အခဲတွေလည်း များစွာရှိနေတယ်လို့ လည်း ရွာသားတွေက ပြောပါတယ်။
နမ္မတူမြို့နယ်အတွင်းမှာ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားပြီး တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ စစ်ဘေးမကြာခဏ ရှောင်နေရကာ ထိခိုက်ဒဏ်ရာရ သေဆုံးတာလည်း ရှိခဲ့ပါတယ်။ တချို့ပြည်သူတွေကတော့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်ဆိုင်ရာ ထိခိုက်တာတွေလည်း ရှိနေပါတယ်။
လက်ရှိ စစ်ရေးအခြေအနေကတော့ RCSS/SSA တပ်က နယ်မြေတချို့ကနေ ဖယ်ခွာလိုက်တာကြောင့် တိုက်ပွဲတွေ ငြိမ်သက်နေပါတယ်။ စစ်ဘေးရှောင်စခန်းက ပြည်သူတွေဟာလည်း မိမိကျေးရွာကို ပြန်နေကြပြီဖြစ်ပေမဲ့ တိုက်ပွဲအတွင်း နေအိမ်ပျက်စီးခဲ့တဲ့ မိသားစုကတော့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။