ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးလေးကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်နဲ့အတူ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းအဖွဲ့က ဝင်ရောက် တပ်စွဲ ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး ၊ ဒူပလာယာခရိုင်က ထုတ်ပြန်ပါတယ်။
ဗိုလ်ကျောက်သက်ဦးဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ မြဝတီမြို့နယ် ဖလူးရွာနားမှာ ဇွန် ၁ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲကြောင့် ဖလူးရွာနဲ့ တစ်မိုင်အကွာခန့်မှာရှိတဲ့ ဖလူးလေးကျေးရွာရဲ့ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို လက်နက်ကြီးများ ကျရောက်ခဲ့ပြီး ပျက်စီးမှုတွေ ရှိခဲ့ပေမဲ့ ရွာသားတွေကိုတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။
တိုက်ပွဲကြောင့်နဲ့ ရွာထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာပါ စစ်တပ်က တပ်စွဲထားတာကြောင့် အိမ်ခြေ ၈၀ ကျော်ရှိတဲ့ ဖလူးလေးကျေးရွာမှာ နေထိုင်သူတွေဟာ ဇွန် ၂ ရက်ကစပြီး ရွာလုံးကျွတ် နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဖလူးတိုက်ပွဲကြောင့် ဖလူးကျေးရွာ၊ ဖလူးလေးကျေးရွာ၊ ရသေ့ဂူကျေးရွာ၊ ဝေါလေမြိုင်မြို့မှာ နေထိုင်တဲ့ ဒေသခံတွေဟာ နေရပ်စွန့်ခွာပြီး ထိုင်းဘက်ကို အယောက် ၄၀၀ လောက်နဲ့ လေ့ကေ့ကော်မြို့သစ် ဘက်ကို ၃၀၀ လောက် စစ်ရှောင်နေရပါတယ်။